နှစ်သစ်ကူးည မဟာဗန္ဓုလ ပန်းခြံနှင့် အင်းလျားကန်ပေါင်ကို သန်းခေါင်ကျော်အထိ ဖွင့်မည်
28 Dec 2016 1,428 Views

နှစ်သစ်ကူးည Happy New Year တွင် အများပြည်သူ အများဆုံး အပန်းဖြေ အနားယူသည့် မဟာဗန္ဓုလ ပန်းခြံနှင့် အင်းလျား ကန်ပေါင်ကို ပုံမှန်ချိန်ထက် တိုးကာ သန်းခေါင်ကျော်သည်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာန၊ ဌာနမှူး ဦးကိုကိုလင်းက ပြောကြားသည်။ရန်ကုန်မြို့ အင်းလျားကန်ပေါင်ကို နေ့စဉ် နံနက် ၄ နာရီမှ ည ၁၁ နာရီထိနှင့် မဟာဗန္ဓုလ ပန်းခြံကို နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ ဖွင့်လှစ်လျက်ရှိပြီး နှစ်သစ်ကူးနေ့တွင် ည ၁၂ ကျော်သည်အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။“ဒီနှစ်နေရာလုံးကို ည ၁၂ နာရီထိ ဖွင့်ပေးမယ်။ ည ၁၂ နာရီထိ ပန်းခြံမှာ Unplugged Show ရှိတယ်။ ပြည်သူတွေဘက်ကလည်း ခိုက်ရန် ဖြစ်ပွားတာတွေ မရှိဘဲ အမှိုက်ကို စည်းကမ်း စနစ်တကျ စွန့်ပစ်ပါလို့ ပြောချင်ပါတယ်”ဟု ဦးကိုကိုလင်းက ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းတွင် ပန်းခြံပေါင်း ၆ဝ ကျော်ရှိပြီး ကန်တော်ကြီး ပန်းခြံနှင့် ကျန်ရှိသည့် ပန်းခြံများကို ပုံမှန် ချိန်အတိုင်းသာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။“အင်းလျားကန်ပေါင်တင်မကဘူး မဟာဗန္ဓုလ ပန်းခြံကိုပါ ည ၁၂ နာရီထိ ဖွင့်လှစ်ပေးတာ ကောင်းပါတယ်။ မြို့တွင်း မြို့နယ်မှာ နေထိုင်တဲ့သူတွေက အင်းလျား ကန်ပေါင်မှာပဲ အပန်း ဖြေနေရတယ်။ ဒီနှစ်မှာတော့ မြို့လယ်ကောင်က ပန်းခြံမှာ နှစ်သစ်ကူးကို ဆင်နွှဲလို့ရပြီ။ ပြည်သူတွေလည်း စည်းကမ်းတကျ အနားယူမယ်ဆိုရင် ပို ကောင်းပါတယ်”ဟု လသာမြို့နယ်နေ ဦးကိုကိုအောင်က ဆိုသည်။
မြို့တော် ရန်ကုန်၏ နှစ်သစ်ကူးညတွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး လူစည်ကားရာ နေရာများ၊ ကန်ပေါင်များနှင့် တံတားများတွင် လှည့်ကင်း၊ ဝပ်ကင်း၊ ရပ်ကင်းများ ထားရှိမည်ဖြစ်ကြောင်း အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့ရုံးထံမှ သိရသည်။နှစ်သစ်ကူး ရန်ကုန်ညများတွင် လူငယ်များ အရက်သေစာ သောက်စားပြီး အပျော် လွန်ကဲရာမှ ခိုက်ရန်ဖြစ်ပွားမှုများ မြို့နယ်အနှံ့ ဖြစ်ပွားခဲ့သည့်အပြင် ယာဉ် မဆင်မခြင် မောင်းနှင်မှုကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပွားခဲ့သောကြောင့် ယခု နှစ်သစ်ကူးညတွင် ထိုသို့ မဖြစ်ပွားစေရန် လုံခြုံရေးကို အထူး တိုးမြှင့် ဆောင်ရွက်မည် ဖြစ်သည်။
Credit : thevoicemyanmar