ဒဂုံ(၁)ကျောင်းရှေ့တွင် စည်းကမ်းမဲ့ ရပ်နားထားသည့် ယာဉ်များကို ဂုဏ်ရှိတယ်လို့ ယူဆနေကြသလားဟု ဦးဖြိုးမင်းသိန်း မေခွန်းထုတ်
22 Dec 2016 1,499 Views

ပညာတတ်များ၊ အချမ်းသာဆုံးပုဂ်္ဂိုလ်များ၏ သားသမီးများ အများဆုံးထားရှိသည်ဟု နာမည်ကြီးသော ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အလံပြဘုရားလမ်းပေါ်ရှိ ဒဂုံ(၁) ကျောင်းရှေ့တွင် ရပ်နားထားသော ကျောင်းကြိုပို့ ယာဉ်များနှင့် ပတ်သက်၍ စည်းကမ်းမဲ့ ရပ်နားထားသည်ကို ဂုဏ်ရှိတယ်ဟု ယူဆနေကြသလားဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက မေးခွန်းထုတ် ပြောကြားခဲ့ကြောင်း သိရှိရသည်။

ကျွန်တော် ဒီသတင်းစာရှင်းလင်းပွဲကို လာတဲ့လမ်းမှာပဲ ဒဂုံ(၁)ကျောင်းရှေ့အဖြူ၊ အနီတားထားတဲ့လမ်းမပေါ်မှာ ကားတွေ ရပ်ထားတယ်၊ နှစ်ထပ်ရပ်ထားတာ တွေ့တယ်။ ပညာတတ်ကြီးများ၊ တကယ့်ကို အချမ်းသာဆုံး ပုဂ်္ဂိုလ်ကြီးတွေရဲ့ သားသမီးများ ကျောင်းထားရာနေရာမှာ ကျောင်းကြိုပို့လာလုပ်နေတဲ့ လူတွေကိုယ်တိုင်က ကိုယ်ဒီလိုရပ်ထားတာကို ဂုဏ်ရှိတယ်လို့များ ယူဆနေသလား
ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
လွန်ခဲ့သည့်ရက်များအတွင်းက ပြုလုပ်ခဲ့သည့် သက်ဝင်လှုပ်ရှား ရန်ကုန်မြို့၏လမ်းမများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ၌ ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ၊ စည်းကမ်းမလိုက်နာမှုများနှင့်ပတ်သက်၍ မီဒီယာများနှင့် အမေးအဖြေပြုလုပ်ရာ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နိုင်ငံတကာတွင် ကလေးများကို ကျောင်းကြိုပို့ ပြုလုပ်ပေးရသည်မှာ ကျန်းမာရေး မကောင်းသောကြောင့် သာဖြစ်ပြီး ကလေးငယ်များကို မိုးလင်းမှ မိုးချုပ် မိဘရင်ခွင်တွင်ထားကာ ဘဝလွတ်လပ်ခွင့်မပေးဘဲ ကိုယ့်ခြေထောက် ကိုယ်မရပ်နိုင်လျှင် ပညာသင်ကြားမှုသည် အဆင်မပြေကြောင်း၊ ထို့ကြောင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီး ပညာသင်ကြားနိုင်သည့် ဓလေ့စရိုက်ဖြစ်လာရန် လုပ်ပေးရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
ရန်ကုန်မြို့တွင် ကျောင်းကြိုပို့ယာဉ်များကို လာမည့်ကျောင်းဖွင့်ရာသီတွင် စနစ်တကျမောင်းနှင်ပြေးဆွဲနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်၏ ပြောပြချက်အရ သိရသည်။
“ ဒီနေရာမှာ ဒီလိုယာဉ်မရပ်ရ လမ်းတွေပေါ်မှာ စည်းကမ်းမဲ့ ကားရပ်ထားတာကို ငါက သူဌေးပဲ၊ ငါကအရာရှိကြီးပဲ၊ ငါက အာဏာအဝန်းအဝိုင်းကမို့ လုပ်ချင်ရာ လုပ်လို့ရတယ်ဆိုတဲ့ အတွေးအခေါ် အယူအဆတွေဟာ ခေတ်ဟောင်း၊ စနစ်ဟောင်းမှာပဲ ထားခဲ့သင့်ပါပြီ ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင် ကျောင်းများသို့ မိဘအများစုက ကိုယ်ပိုင်ကားများဖြင့် အကြိုအပို့လိုက်လံ ပြုလုပ်ပေးလေ့ရှိရာ သာမန်အချိန်များနှင့်နှိုင်းယှဉ်ပါက ကျောင်းတက်ကျောင်းဆင်း အချိန်များတွင် ယာဉ်ကြောများ ပိုမိုပိတ်ဆို့လျှက်ရှိသည်။
Credit: Tomorrow News Journal