BEC-TERO TV

၂၀၁၇ ခုနှစ်မှာ ယာဉ်ကြောကျပ်တည်းတာတွေ ပြေလျော့သွားမှာလား

20 Dec 2016     1,387 Views


ရန်ကုန်မြို့တွင်းယာဉ်ကြော ကျပ်တည်းတဲ့ပြဿနာဟာ လာမယ့် ၂၀၁၇ ခုနှစ်တတိယလလောက်ဆိုရင်တော့ သိသိသာသာလျော့ကျသွားနိုင်ပါတယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ ဆောင် ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အတွင်းရေးမှူးဒေါက်တာ မောင်အောင်က ပြောပါတယ်။ သူကလာမယ့်နှစ်မှာ ဘယ်လောက်အတိုင်းအတာအထိ ယာဉ်ကြောကျပ်တည်းတာလျော့ကျပါမယ်လို့ တိတိကျကျကတိပေးသလိုတော့ပြောလို့ မရပါဘူး။ ဒါကလည်း ကျွန်တော်တို့အဖွဲ့တစ်ခုတည်းလုပ်လို့ရတာမျိုးမဟုတ်ဘဲ သက်ဆိုင်ရာဌာနအသီးသီးနဲ့ပူးပေါင်းဆောင်ရွက်ရတာဖြစ်သလို ပြည်သူတွေကိုယ်တိုင်ကလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ဖို့တွေက လိုအပ်နေတာလို့ဆိုပါတယ်။ ဝါးတားတက္ကစီစနစ် စတင်ပြေးဆွဲဖို့ကိုလည်း တင်ဒါခေါ်ယူထားပြီးပြေးဆွဲမယ့် ကုမ္မဏီတွေအဆင်သင့်ဖြစ်နေကြပြီဖြစ်တယ်။ ၂၀၁၇ မှာတော့ အကောင်အထည်ပေါ်လာမှာဖြစ်လို့ ရေကြောင်းခရီးအသုံးပြုသွားလာနိုင်လို့ ဘတ်စ်ကားနဲ့သွားတဲ့ ဦးရေလျှော့ချနိုင်ပြီး ဖြေရှင်းနိုင်တာမျိုးပါ။ ရေကြောင်းခရီးဖြစ်လို့ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကုမ္မဏီရွေးချယ်တဲ့နေရာမှာ လုံခြုံစိတ်ချရမှုရှိစေတဲ့အချက်တွေကိုအမှတ်များ များပေးပြီး ရွေးချယ်ပါတယ်။ ရေကြောင်း၊ ဘတ်စ်လမ်းကြောင်းနဲ့ မြို့ပတ်ရထားလမ်းတွေနဲ့ ချိတ်ဆက်သွားလာနိုင်ဖို့ကိုလည်း စီစဉ်တယ်။

ဘတ်စ်ကားတွေ

ယာဉ်ကြောကျပ်တည်းတာကို အဓိကဖြေရှင်းရမှာကတော့ အဆင်ပြေချောမွေ့တဲ့ ဘတ်စ်ကားစနစ်တစ်ခု အခိုင်အမာဖြစ်ဖို့ပါ။ လက်ရှိမှာ ဘတ်စ်ယာဉ်လိုင်း ၃၆၇ လိုင်း၊ ယာဉ်အစီးရေ ၄၆၀ဝ ကျော်နဲ့ မထသက ဦးစီးပြီး ပြေးဆွဲနေ တယ်။ ယာဉ်လိုင်း ၆၀ ကျော်၊ ၇၀ ကျော် ထပ်ပြီးပြေးဆွဲနေတော့မလိုအပ်ဘဲ ယာဉ်ကြောကျပ်တည်းတာတွေဖြစ်နေတယ်။ အဲဒါကြောင့်အများပိုင် ကုမ္မဏီစနစ်နဲ့ဘတ်စ်ကားပြေးဆွဲဖို့ အကောင် အထည်ဖော်နေတာ ဖြစ်တယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာစတင်ပြေးဆွဲဖို့ အများပိုင်ကုမ္မဏီရှစ်ခုကိုရွေးချယ်ထားပြီးဖြစ်တယ်။ အဲဒါက ကုမ္မဏီ ၂၀ လျှောက်ထားလာတာကို ပြန်ပေါင်းစပ်ညှိနှိုင်းပြီး အများပိုင်ကုမ္မဏီရှစ်ခုဖြစ်လာတာပါ။ ကုမ္မဏီအရေအတွက်များရင် ညွှန်ကြားတဲ့နေရာမှာအခက်အခဲရှိနိုင်လို့အရေအတွက်ကို ချုံ့ပြီးဆောင်ရွက်စေပါတယ်။ သီးသန့်ဘတ်စ်လမ်းကြောင်းအတိုင်းမောင်းနှင်တာဖြစ်သလို ကိုယ့်ပတ်လမ်းနဲ့ကိုယ်ဖြစ်တဲ့အတွက် ယာဉ်ကြောကျပ်တည်း တာတွေလျော့ကျလာမယ်လို့ဆိုပါတယ်။ တက္ကစီအငှားယာဉ်တွေကိုလည်း အများပိုင်ကုမ္မဏီတွေအဖြစ်နဲ့ ထိန်းချုပ်နိုင်ဖို့ဆောင်ရွက်မှာဖြစ်တယ်။ အဲသည်အတွက် သည်လတတိယပတ်က စတင်ပြီးသက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက တစ်ဆင့်တက္ကစီအရေ အတွက်ကိုသိရှိဖို့ စာရင်းကောက်ယူမှာဖြစ်တယ်။ ၂၀၁၇ မှာ တက္ကစီ အငှားယာဉ်တွေကို ခေတ်မီဆက်သွယ်ရေးစနစ်တွေတပ်ဆင်ပြီး ထိန်းချုပ်နိုင်ဖို့လုပ်ဆောင်မှာဖြစ်တယ်။ မီးပွိုင့်စနစ်တွေခေတ်မမီတော့လို့ မီးပွိုင့်မှာကြာရှည်စောင့်ရပြီး ယာဉ်ကြောကျပ်တည်းတာတွေဖြစ်နေရတယ်။ အဲဒါတွေအတွက် အလိုအလျောက်ချိန် ကိုက်ဆောင်ရွက်ပေးတဲ့ ဆင်ဆာမီးပွိုင့်တွေအဖြစ်ပြောင်းလဲတပ်ဆင်နေပြီဖြစ် တယ်။ ဆင်ဆာစနစ်မီးပွိုင့်တွေကိုထိန်းချုပ်တဲ့ ထိန်းချုပ်စင်တာကိုပါ တည်ဆောက်ထားပါတယ်။ ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ မီးပွိုင့်စနစ်တွေကို ပြောင်းလဲတပ်ဆင်ပြီးတာနဲ့ ယာဉ်ကြောကျပ်တည်းတာကို ၂၀ ရာခိုင် နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်မယ်လို့ဆိုပါတယ်။ မီးပွိုင့်တွေပြောင်းလဲတပ်ဆင်တာနဲ့အတူ အရင်ကတစ်လမ်းသွားနေရာတွေမှာ နှစ်လမ်းသွား၊ သုံးလမ်းသွားကွေ့ကြောတွေပြောင်းလဲပေးနေပါတယ်။

စည်းကမ်းရှိပါ

ယာဉ်မောင်းသူ ဦးမျိုးဝင်းကတော့ အဓိကကယာဉ်မောင်းတစ်ဦးချင်းစီရဲ့ ပင်ကိုအရည်အချင်းနဲ့ စာနာစိတ်တွေ ၂၀၁၇ မှာပြောင်းလဲဖို့လိုပါတယ်။ ဘာလမ်းကြောင်းမှဆွဲမပြထားတာတောင်လမ်းအကျယ်ပေါ်မူတည်ပြီးမောင်းတတ် ရပါမယ်။ ကျော်ခွမောင်းနှင်တာဟာ တခြားသူတွေကိုပါ ဒေါသ စိတ်နဲ့ မောင်းနှင်အောင်လှုံ့ဆော်တာမို့ လုံးဝမလုပ်သင့်ပါဘူး။ မတော်တဆမှုအတော်များများဟာစည်းကမ်းမဲ့လို့ဖြစ်တာမို့ ယာဉ်စည်းကမ်း နဲ့ ပတ်သက်တဲ့ ပညာပေး အရေးယူမှုဟာ အလွန်အရေးကြီးနေပါပြီလို့ပြောပါတယ်။ ဘယ်ကားကို ဘယ်သူမောင်းပြီး နောက်လိုက်ဘယ်သူဆိုတာမသိတဲ့ ယာဉ်လိုင်းတာဝန်ခံတွေရှိနေသမျှ စည်းကမ်းမဲ့ မောင်းနှင်တဲ့ယာဉ်မောင်းတွေ ကို ငွေဒဏ်တစ်ခုတည်းအရေးယူနေသမျှ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အစည်းတွေကိုယ်တိုင်ဥပဒေအတိုင်း အပြည့်အဝမှန်ကန်အောင် ဆောင်ရွက်နိုင်တာမျိုးမရှိသမျှ ယာဉ်ကြောကျပ်တည်းတာတွေကဖြေရှင်းရခက်ခဲနေဦးမှာပါ။ အဲဒါကြောင့် စည်းကမ်းလိုက်နာမှုထိရောက်တဲ့အရေးယူမှု တွေနဲ့ ပြည်သူလူထုတစ်ရပ်လုံးပါဝင်ဖို့ကလည်း ယာဉ်ကြောကျပ်တည်းတာဖြေရှင်းဖို့အရေးပါနေပါပြီ။

Credit : kumudranews


20 Dec 2016     1,387 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS