ရခိုင်အရေး အာဆီယံနိုင်များတွေ့ဆုံဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှင်းလင်းတင်ပြချက်များကို သဘောတူညီမှုရခဲ့
20 Dec 2016 1,409 Views

မြန်မာနိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နှင့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြနယ်တွင် ရဲစခန်းများကို ကြိုတင်စီစဉ် အကြမ်းဖက်တိုက်ခိုက်ခံရမူများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ရှုပ်ထွေးသည့် ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းရန် မြန်မာအစိုးရအတွက် ကြိုးပမ်းဆောင်ရွက်ခွင့်နှင့် အချိန်အတိုင်းအတာတစ်ခု လိုအပ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ရှင်းလင်းပြောကြားခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိခဲ့သည်။
ထို့ပြင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအ ညီများအား ခွင့်ပြုမည်ဖြစ်ပြီး ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ အာဆီယံနိုင်ငံများသို့ အချိန်နှင့် တစ်ပြေးညီ သတင်းမျှဝေအသိ ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
အစည်းအဝေးအပြီးတွင် အင်ဒိုနီးရှား နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ms.Retno Mar- sudi က သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ အစည်းအဝေးတွင် အရေးကြီးဆုံး အချက်နှစ်ခုကို အဓိကထား ဆွေးနွေးခဲ့ကြောင်း၊ ပထမအချက်မှာ မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ၎င်းတို့၏ ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခြင်းဖြစ်ပြီး ဒုတိယအချက်မှာ ရခိုင်ပြည်နယ်သို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် အာဆီယံနိုင်ငံများအား ကမ်းလှမ်းခြင်းဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာအစိုးရ၏ ကမ်းလှမ်းမှုကို လက်ခံသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးအတွက် အထောက်အပံ့များကို ပေးအပ်သွားမည်ဟု ပြောကြားသည်။
အစည်းအဝေးအပြီးတွင် စင်ကာပူနိုင်ငံ ခြားရေးဝန်ကြီး Dr. Vivian Balakrishnan ကလည်း ၎င်း၏ Facebook စာမျက်နှာ၌ 'ရခိုင်ပြည်နယ်၏ အခြေအနေသည် ရှုပ်ထွေးပြီး နှစ်ရှည်လများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် အချိန်၊ အပြန်အလှန် ယုံကြည်မှု၊ ချစ်ကြည်ရေးနှင့် သံန္နိဋ္ဌာန်များ လိုအပ်ကြောင်း'ဟု ရေးသားဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ယခုအစည်းအဝေးနှင့်ပတ်သက် ၍ အာဆီယံဝန်ကြီးများအားလုံး ကျေနပ်ကြကြောင်း ပြောဆိုခဲ့သည်။



ဆွေးနွေးပွဲအပြီးတွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌါနမှ အစည်းအဝေးနှင့် ပက်သက်သည့် အကြောင်းအရာများ ဖော်ပြပါရှိသည့် ကြေညာချက် တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။
Ref:7Day,Eleven