ရခိုင်အရေးရှင်းလင်းမည့် အာစီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ရန်ကုန်တွင် ယနေ့ကျင်းပ
19 Dec 2016 1,506 Views

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမည့် အစည်းအဝေးကို ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ယနေ့ (ဒီဇင်ဘာလ ၁၉ ရက်) ကျင်းပပြုလုပ်မည် ဖြစ်သည်။
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးဌာနများ အစည်းအဝေးကျင်းပရန် မြန်မာနိုင်ငံက ဖိတ်ကြားခဲ့ခြင်း ဖြစ်ပြီး အာဆီယံနိုင်ငံ အားလုံးက တက်ရောက်မည်ဟု အတည်ပြု အကြောင်းပြန်ပြီး ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောကြားသည်။
တစ်ရက်ကြာ ကျင်းပမည့် အဆိုပါ အစည်းအဝေးတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ဆောင်နေသည့် အခြေ အနေများကို မြန်မာနိုင်ငံက ရှင်းလင်းပြောကြားသွားမည် ဖြစ်ကြောင်း ပြောပြသည်။
ယနေ့ကျင်းပမည့် အစည်းအဝေးမတိုင်မီ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မလေးရှားနိုင်ငံ အနေနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားသော ပြဿနာများကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဟု မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါအချက်နှင့် ပတ်သက် ၍ “အိမ်ရှင်နိုင်ငံက နေပြီးတော့ ရှင်းလင်းပြောကြားတဲ့ အနေအထားကိုပဲ သူတို့ဘက်က ဆွေးနွေးသွားရမှာပေါ့။ သူတို့ဘက်က သိလိုတဲ့ မေးခွန်းတွေ မေးလာရင်လည်း ကျွန်တော်တို့ဘက်က အချက်အလက်တွေအပေါ် မူတည်ပြီး ရှင်းလင်းသွားမှာပဲ ဖြစ်တယ်” ဟု ဦးကျော်ဇေယျက ဆိုသည်။
မလေးရှားနိုင်ငံ အနေနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူမျိုးတုန်း သတ်ဖြတ်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ဖြစ်ပေါ်နေကြောင်း စွပ်စွဲမှုများ ပြုလုပ်ထားပြီး မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ကိုယ်တိုင် စွပ်စွဲပြောကြားမှုများ ပြုလုပ်ထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မောင်တောဒေသနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်က မောင်တောတွင် အဓမ္မပြုကျင့်မှုများ ဖြစ်ပွားနေသည့် စွပ်စွဲချက်တို့ကို မမှန်ကန်ကြောင်း သတင်းထုတ်ပြန်ထားသည်။ အာဆီယံ နိုင်ငံများတွင် တစ်နိုင်ငံနှင့် တစ်နိုင်ကြား ပြည်တွင်းရေး ဝင်ရောက်စွတ်ဖက်ခွင့် မရှိသည့်မူကို ကျင့်သုံးလျက် ရှိသည်။
Credit:TheVoice