ဘတ်တစ်သိန်း ဆုငွေထုတ်ထားခံရသူ အိမ်အကူအမျိုးသမီး မြန်မာပြည်ထဲရောက်ရှိကာ ရှောင်တိမ်းနေ
18 Dec 2016 1,376 Views

ထိုင်းလူမျိုး အိမ်ရှင်ထံမှ လက်ဝတ်လက်စားများနှင့် နိုင်ငံခြားငွေများ စုစုပေါင်း ဘတ်ငွေ (၇)သန်း (ကျပ်ငွေ သိန်း ၂,၆၀၀) ကျော်ကို ခိုးယူခဲ့သည်ဟု စွပ်စွဲခံရပြီး ဖမ်းဆီးရမိရန် ဆုငွေထုတ်ထားခြင်းခံရသူ မြန်မာအိမ်အကူ အမျိုးသမီး မခင်မြင့်ဦး(ခ)မိပိုအား ထိုင်းရဲတပ်ဖွဲ့က စုံစမ်းထောက်လှမ်း ရှာဖွေရာ သူမ၏ လက်ကိုင်ဖုန်းကို အသုံးပြုခဲ့သည့်နေရာမှာ ထိုင်း-မြန်မာ နယ်စပ်မြို့ ဖြစ်သည့် မဲဆောက်မြို့ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် နယ်စပ်ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းချိပ်ဆက်ခဲ့ရာတွင် မခင်မြင့်ဦးမှာ ဒီဇင်ဘာလ ၁၃ ရက်နေ့ထဲက နယ်စပ်ဖြတ်ကျော်၍ မြဝတီမြို့အတွင်း ဝင်ရောက်သွားခဲ့ကြောင်း သိရှိခဲ့ရသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အကူအညီနှင့် သူမ၏ ဇာတိဖြစ်သော ဘားအံမြို့ရှိ နေအိမ်သို့ သွားရောက် စုံစမ်းရာ သူမ၏ မိသားစုဝင်များက ဘာအံသို့ သူမပြန်လည်ရောက်လာခဲ့ကြောင်း ဝန်ခံခဲ့သည်။ သို့သော် အိမ်ပြန်ရောက်ပြီး ခဏအကြာတွင် ပြန်ထွက်သွားပြီးနောက် ပြန်မလာတော့ကြောင်း သိရှိခဲ့ရသည်။
မော်လမြိုင်-ဘားအံ လမ်းတစ်လျှောက်ရှိ ရွှေဆိုင်များတွင် သူမ၏ သတင်းကို လိုက်လံစုံစမ်းလျှက်ရှိပြီး သူမ ပုန်းအောင်းနိုင်သည်ဟု ယူဆရသော နေရာများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းလျှက်ရှိသည်။
အသက်(၃၀)နှစ်အရွယ် မခင်မြင့်ဦးသည် အိမ်အကူအဖြစ် လုပ်ကိုင်ရန် ဒီဇင်ဘာလ ၈ ရက်နေ့က အလုပ်ရှင်ထံသို့ ရောက်လာခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အပြင်သွားမည်ဟု အိမ်ရှင်ထံ ခွင့်တောင်းခဲ့ပြီးနောက် ပြန်လာခဲ့ခြင်းမရှိပဲ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။ သူမနှင့်အတူ စိန်လက်စွပ် နှစ်ကွင်း၊ စိန်ဆွဲကြိုး နှစ်ကုံး၊ ရွှေဆွဲကြိုး တစ်ကုံးအပြင် ယူရိုငွေနှင့် ထိုင်းဘတ်ငွေ စုစုပေါင်းတန်ဖိုး ဘတ်ငွေခုနှစ်သောင်းခန့် ပျောက်ဆုံးနေကြောင်း တိုင်းကြားခြင်းခံခဲ့ရပြီး သတင်းပေးနိုင်သူအား ဆုငွေ ဘတ်(၁)သိန်း ချီးမြှင့်မည်ဟု ဆုငွေထုတ်ခံထားရသူဖြစ်သည်။
Ref: (SAW)thairath.co