ဗုဒ္ဓဘာသာဆိုင်ရာစေတီပုထိုးများ၌ အမြင်မသင့်တော်သည့် မင်္ဂလာပွဲအကြို ဓါတ်ပုံရိုက်ကူးခြင်းကို အရေးယူမည်
13 Dec 2016 1,603 Views

ဒီဇင်ဘာလ (၁၀)ရက်နေ့က လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သော စေတီပုထိုးများကို နောက်ခံထားကာ အမြင်မသင့်တော်သည့် မင်္ဂလာပွဲကြို(pre-wedding) ဓါတ်ပုံများ ရိုက်ကူးထားခဲ့သည့်အတွက် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း ခွင့်ပြုချက်မရှိပဲ စီးပွားဖြစ် ဓါတ်ပုံ၊ ဗီဒီယို၊ ရုပ်ရှင်ရိုက်သူများကို အရေးယူတော့မည်ဖြစ်ကြောင်း သိရှိရသည်။


အင်တာနက်တွင် ပျံ့နှံ့ခဲ့သော အဆိုပါဓါတ်ပုံများသည် ဖိလစ်ပိုင်လူမျိုး ဓါတ်ပုံဆရာတစ်ဦး ၂၀၁၅ ခုနှစ်အတွင်းက ပုဂံမြို့တွင် ရိုက်ကူးထားခဲ့သော မင်္ဂလာစုံတွဲ ဓါတ်ပုံများဖြစ်ပြီး စေတီပုထိုးများကို နောက်ခံပြုကာ ရိုက်ကူးထားခဲ့ခြင်းဖြစ်သည်။ ယင်းဓါတ်ပုံရိုက်ကူးမှုနှင့် ပက်သက်၍ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌါန၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌါနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောကြားသည်။

ထိုကဲ့သို့ ဓါတ်ပုံရိုက်ကူးသူများကို သာသနာတော် ညိုးနွမ်းစေမှုနှင့် အရေးယူနိုင်သလို၊ ရိုက်ပြီး ဓါတ်ပုံများကို လူမှုကွန်ယက်ပေါ်သို့ ဖြန့်ဝေသည့်အတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နှင့်လည်း အရေးယူနိုင်ကြောင်းနှင့် နိုင်ငံခြားသားဖြစ်ပါက ပြည်ဝင်ခွင်ပါ ပိတ်ပင်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
Ref:7Day