ဆိုင်ကယ်နဲ့လုယက်သူသုံးဦးကို လွှတ်တော်အမတ် ငါးဦးက ဖမ်းဆီးပေး
12 Dec 2016 1,357 Views

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဆိုင်ကယ်နဲ့ လုယက်သူသုံးဦးကို ဧရာဝတီတိုင်းက လွှတ်တော်အမတ်၅ဦးက၀ိုင်းဝန်းဖမ်းဆီးပေးခဲ့တယ်လို့သိရပါတယ်။ စက်ဘီးနဲ့ အလုပ်မှပြန်လာသူ အမျိုးသမီးငယ်တစ်ဦးကို ဆိုင်ကယ်နဲ့လူသုံးဦး ပိုက်ဆံအိတ်လုပြီးထွက်ပြေးသွားတာကိုတွေ့တာကြောင့်လိုက်လံဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဖျာပုံပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်ကပြောပါတယ်။
“ကိုယ့်မျက်စိရှေ့မှာပဲ ပိုက်ဆံအိတ်လုသွားတော့ ကားမှန်ချပြီး ကလေးမလေးကို မေးကြည့်တော့လုပြေးတာလို့ပြောတယ်။အဲ့ဒါနဲ့ပဲ ဆိုင်ကယ်နောက်က ထပ်ချက်မကွာဟွန်းသံ အရှည်ဆွဲပြီးလိုက်ခဲ့တယ်။အန္တရာယ်တော့ တော်တော်များတယ်။သူတို့က လူတွေကြား ကွေ့ပတ်ပြီးပေးတာ။”လို့ ဦးဘိုဘိုမင်းဇော်ကပြောပါတယ်။ လုယက်တဲ့ဆိုင်ကယ်ဟာ ပုသိမ်မြို့အတွင်းမှာ လမ်းပြောင်းပြန်မောင်းပြီး ဂေါက်ကွင်းရှေ့၊ ပုသိမ်အ၀ိုင်း၊တက္ကသိုလ်ရှေ့၊ လမ်းကြားတွေ ကနေတစ်ဆင့်လမ်းမဘက်ကိုမောင်းပြေးပြီးနောက်ဆုံး စည်ပင်အရာရှိဝန်းထဲကိုဝင်ပြေး တယ်။ အဲ့ဒီအချိန်မှာပဲ နောက်ကနေ လိုက်လာတဲ့အမတ်တွေဟာ အပြင်ကနေ စည်ပင်ဝင်းတံခါးပိတ်ပြီး လုယက်သူ၃ဦးကို ဖမ်းကာ ထိုင်ခိုင်းပြီး တိုင်းရဲမှူးဦးထွန်းမင်းကိုဖုန်းဆက်အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
“လုံးလားထွေးလားမဖြစ်တာဘဲတော်သေးတယ်။ ရင်တောင်တုန်တယ်။ လမ်းပေါ်မှာလည်းလူတွေကြားထဲဝင်ပြေးတယ်။”လို့ဦးဘိုဘိုမင်းဇော်ကပြောပါတယ်။ ကားထဲမှာ ဖျာပုံကိုယ်စားလှယ်ဦးဘိုဘိုမင်းဇော် ၊ပန်းတနော်ကိုယ်စားလှယ်ဦးသန့်ဇင်ထွန်း၊ကျောင်းကုန်းကိုယ်စားလှယ်ဦးခင်မောင်မောင်၊မော်ကျွန်းကိုယ်စားလှယ် ဦးဝေယံထွန်းတို့ပါဝင်ပြီး နောက်ကားတစ်စီးနဲ့ ဖျာပုံကကိုယ်စား လှယ်ဦးဇေယျမင်းသိန်းတို့ ပါဝင်တယ်လို့သိရပါတယ်။ ပုသိမ်မြို့မရဲစခန်းမှ လုယက်သူ ၃ ဦးကို ဖမ်းဆီးအရေးယူမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
Credit : kumudranews