စိတ်ကြွရူးသိပ်ဆေးပြား ၁၄ သန်း ဖမ်းဆီးရမိ
12 Dec 2016 1,364 Views

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပန်းတောင်း- တောင်ကုတ်တောင်ကြားလမ်း ညောင်ကျိုးစစ်ဆေးရေး ဂိတ်အနီး ဆီပေပါခွံများထဲတွင် ထည့်သွင်း သယ်ဆောင်လာသော WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကို ဒီဇင်ဘာ ၁၀ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန် FAW (SKAT) အမျိုးအစား ဆီတင်ယာဉ်ပေါ်၌ ပေပါများဖြင့် မူးယစ်ဆေးဝါးမျာကို ထည့်ယူသယ်ဆောင်လာခြင်းဖြစ်ပြီး ရေတွက်ကြည့်ရာ ပေပါတစ်လုံးတွင် ဆေးပြား ၁၀ သိန်းခန့်ပါရှိ၍ စုစုပေါင်း ပေပါ (၁၄) လုံးတွင် ဆေးပြားပေါင်း (၁၄) သန်းခန့်ရှိမည်ဟု ခန့်မှန်းပြီး ရေတွက်စစ်ဆေးဆဲဖြစ်ကြောင်း သိရှိရသည်။

ယာဉ်နှင့်အတူဖမ်းဆီးရမိသူ ယာဉ်မောင်းဝင်းကျော်ဦး(ခ)ကျော်ကျော်(၃၆နှစ်) ပန်းတောင်းမြို့နယ် ညောင်ခြေထောက်ရွာ၊ ၎င်းနှင့်ယောက်ဖတော်စပ်သူ ချစ်ဖွယ် (၄၆နှစ်) ရတနာပုံရပ်ကွက် ဥသျှစ်ပင်၊ သက်ဝင်းအောင်(၃၁နှစ်) တောင်လယ်ရွာ ပေါက်ခေါင်းနေသူတို့ကို WY စာတမ်းပါ မူးယစ်ဆေးဝါးများ ထည့်ထားသော ၁ ပေပါလျှင် ဆေးပြား ၁ သောင်းဝင် အထုတ် ၁၀၀ စီနှင့် ပေပါ ၁၄ လုံး ဒီဇယ်ပေပါ ၃ လုံး စုစုပေါင်းပေပါ ၁၇ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ပစ္စည်းစုဆောင်းထားသူ ပန်းတောင်းမြို့နယ် စမ်းပက်လက်စခန်း တဲအိမ်စုနေ ခင်ဇော်ဦးအား ထပ်မံဖေါ်ထုတ်ဖမ်းဆီးရမိပြီး စုစုပေါင်းတရားခံလေးဦး ဖမ်းဆီးရမိထားကြောင်း ရဲမှတ်တမ်းများအရသိရှိရသည်။
စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှုများထဲတွင် အရေအတွက်ပမာဏနှင့် တန်ဖိုးငွေ စံချိန်တင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အမှုကို ဥသျှစ်ပင်နယ်မြေရဲစခန်းနှင့်ခရိုင်အထူးအဖွဲ့တို့မှ ဆက်လက်စစ်ဆေးလျှေက်ရှိကြောင်း သတင်းရရှိပါသည်။
Credit:ထန်းထန်း(မဲဇလီ)