မုဒိမ်းကောင်များကို သင်းကွပ်ပစ်ပါ သို့မဟုတ် သေဒဏ်အပြစ်ပေးပါ(ဗဟုသုတ ဖတ်မှတ်စရာ)
07 Dec 2016 1,570 Views

''ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား'' ''ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား''ဟု ထောင်အုတ်ရိုး၏အတွင်းဘက်မှ အသံများထွက်ပေါ်လာသဖြင့် သူက သူ၏ခြေလှမ်းကို ရပ်ပြီးလျှင် ထောင်ဘက်သို့ ပြန်လှည့်ကာကြည့်လေသည်။ ''ဆရာကြီးပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား၊ ကျုပ်တို့အားလုံးက နှုတ်ဆက်ပါတယ်''ဟု အော်ဟစ်ကာ နှုတ်ဆက်ကြလေ၏။ အထက်ပါစာသားများသည် စာရေးဆရာကြီးမင်းသိင်္ခ၏နာမည်ကြီးဝတ္ထုပေါင်းများစွာအနက်မှ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားဝတ္ထု၏ အဖွင့်စကားပြောများဖြစ်ကြသည်။ သူခိုး၊ ဓားပြ၊ လူလိမ်ပေါင်းများစွာသည် သူတို့ကြည်ညိုလေးစား၊ ချစ်ခင်ပြီး ထောင်တွင်းအတူနေသွားခဲ့သည့် ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား အင်းစိန်ထောင်ကြီး၏ ဘူးဝမှတဆင့် ထောင်အုတ်ရိုးအပြင်ဘက်သို့ ရောက်ရှိချိန် အုတ်ရိုးအတွင်းမှ အင်နှင့်အားနှင့် ထုနှင့်ထည်နှင့် နှုတ်ဆက်သမှုပြုကြသည်။ နှုတ်ဆက်သူ များတွင် ထောင်တွင်း၌ မျက်နှာ အငယ်ရဆုံး၊ ၀င်တချက်ထွက်တချက် အထိုးအကန်အခံရဆုံး စက်ဆုပ် ရွံရှာဖွယ်အကောင်းဆုံးလူယုတ်မာများဟု အခေါ်ခံရဆုံး မုဒိမ်းကောင် (ပုဒ်မ-၃၇၆)များလည်း ပါဝင်သည်။
ဝတ္ထုထဲတွင် ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားက ''မင်းတို့အလုပ်က ယုတ်မာလွန်းတယ်။ ဆက်ပြီး မလုပ် ကြပါနဲ့၊ ငါ မထောက်ခံဘူး''ဟု ရေးသားသရုပ်ဖော်ထားသည်။ သူခိုးအလုပ်သည် လူတွေကြောင့်ပေါ်လာသည့် ရှေးဟောင်းအသက်မွေးဝမ်းကျောင်းအလုပ်ကြီး။ ဓားပြတို့သည် ငတ်ပြတ်၍ ဓားပြတိုက်ကြသည်၊ လူလိမ်တို့ သည် လောဘကြီးတတ်သူတွေရှိနေသမျှ ဆက်လိမ်။ သို့သော် ကိုယ်ဖြစ်ကိုယ်ခံဟု အသိဝင်ကြစေရေး သတိ ပေးသည်။ မုဒိမ်းကောင်များအတွက်မူ ဝေဖန်ရှုတ်ချလိုက်သဖြင့် ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား ပရိသတ် ထောင်သားများက မုဒိမ်းကောင်များအား လှောင်ပြောင်ရုံမျှမက ထိုးနှက်ကန်ကျောက်ကြသဖြင့် ထောင်ဆူသွားပုံကို ဆရာကြီးမင်းသိင်္ခက ပီပီပြင်ပြင် ရေးဖွဲ့ခဲ့ကြောင်း ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက် 'စောင့်ကြည့်'ဂျာနယ်၌ ဆောင်းပါးရှင် သွန်းခက ဖော်ပြခဲ့သည်။ ဆက်လက်ပြီး ဆောင်းပါးရှင်က ''ကျွန်တော် အင်းစိန်ဗဟိုအကျဉ်းထောင်သို့ အချုပ်သားအဖြစ် ရောက်ခဲ့ဖူးပါ၏။
ထိုခေတ်က ရေချိုး ရေချိုးအလျောက်၊ ပုံစံဆွဲ(ထမင်း၊ ဟင်းသွားယူ) ပုံစံဆွဲအလျောက်၊ အညောင်းပြေလမ်း လျှောက်လိုပါက လမ်းလျှောက်လိုသည့်အလျောက်၊ မိလ္လာစွန့် မိလ္လာစွန့်အလျောက် အနေအစား၊ ရေဇယား (ထောင်ပြင်မှ တရားမ၀င်ခိုးသွင်းကြသည့်ပိုက်ဆံနှင့် ထောင်တွင်းလာဘ်ထိုးကျင့်ကြံကြခြင်း) အလွန်အရေးကြီး သည်။ ၀ိုင်းစား(အတူနေ၊ အတူစား)အဖွဲ့ငယ် လေးများရှိတတ်သည်။ အမှုပေါင်းစုံထဲတွင် အတော်များများဝိုင်း များသည် မုဒိမ်းသမားမထည့်တတ်ကြ။ မိလ္လာစွန့်လျှင်ပင် မုဒိမ်းသမားစွန့်သည့် မိလ္လာက ပိုနံသည်ဟု ဆဲကြ ဆိုကြ၊ အခန့်မသင့် နားရင်းအုပ်ခံရသေးသည့်ဘ၀''ဟူ၍ ထောင်ကျအချင်းချင်းပင်လျှင် မုဒိမ်းကောင်များအား ရွံရှာစက်ဆုပ်ကြပုံများကို ရေးသားဖော်ပြထားသည်။ ယနေ့ခေတ်အကျဉ်း ထောင်များအတွင်း ထောင်ကျ အချင်းချင်း မုဒိမ်းကောင်များအား မည်သို့သဘောထားသည်ကိုမသိရပေ။ သို့ရာတွင် မြန်မာနိုင်ငံတ၀န်း မုဒိမ်းမှုအရေအတွက် ကြောက်ခမန်းလိလိတိုးပွားနေသည်ကိုတော့ နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ်ထုတ်ဂျာနယ်များတွင် ဖတ်ရှုနေရသည်။ မြန်မာနိုင်ငံတ၀န်း ၂၀၁၃ ခုနှစ်တွင် မုဒိမ်းမှု ၇၃၄ မှု၊ ၂၀၁၄ ခုနှစ်တွင် ၇၅၆ မှုနှင့် ၂၀၁၅ ခုနှစ်တွင် ၆၂၈ မှု ဖြစ်ပွားခဲ့သည်။ မုဒိမ်းမှု စုစုပေါင်း၏ထက်ဝက်ကျော်သည် သက်ငယ်မုဒိမ်းမှုဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် သက်ငယ်မုဒိမ်းမှုပေါင်း ၂၃၀ ကျော် ဖြစ်ပွားခဲ့ပြီး ၂၀၁၆ ခုနှစ် ဆယ်လအတွင်း ၃၈၀ မှုအထိ ဖြစ်ပွားခဲ့သည်။
ပညာရှင်များ၏ တွက်ချက်မှုအရ ရန်ကုန်တိုင်းတွင် လေးရက်လျှင် မိန်းကလေးတဦး လိင်ပိုင်းဆိုင်ရာ အစော်ကားခံနေရကြောင်းသိရသည်။ သက်ငယ်မုဒိမ်းမှု များမှာ အမျိုးအစားပေါင်းစုံလင်လှသည်။ ဖခင်အရင်းဖြစ်သူများက အသက်မပြည့်သေးသည့် ရွံရှာစက်ဆုပ်ဖွယ်ဖြစ်ရပ်၊ ကျောင်းဆရာဖြစ်သူက ကျောင်းသူလေးများအား မုဒိမ်းကျင့်မှု၊ ကျောင်းထိုင်ဘုန်းကြီးက ကျောင်းသူလေးကို မုဒိမ်းကျင့်မှု၊ အဆိုးရွားဆုံးမှာ လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ပထမတန်းကျောင်းသူလေးကို ယောက်ျားရင့်မကြီးတစုက အဓမ္မပြုကျင့်ပြီး ရက်စက်စွာသတ်ဖြတ်ခဲ့မှုဖြစ်သည်။ တရားစွဲဆိုမှုအပိုင်းတွင်လည်း သက်ငယ်မုဒိမ်းမှုအများစုကို ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ အပြင်းအထန် နာကျင်စေမှုပုဒ်မ ၃၂၅၊ အရွယ်မရောက်သူကို ခိုးယူပေါင်းသင်းမှုပုဒ်မ ၃၆၃ တို့ဖြင့်သာ စွဲချက်တင်နေကြသည်။ ယင်းပုဒ်မများအတွက် ပြစ်ဒဏ်များမှာ ထောင်ဒဏ် ၁၀ နှစ်၊ တသက်တကျွန်းအထိ ချမှတ်နိုင်သော်လည်း ဒဏ်ငွေဖြင့် ပြီးသွားသည့် အမှုများလည်းရှိသည်။ ပြည်သူအချို့ကလည်း သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို သေဒဏ်အထိပေးရန် ဆန္ဒရှိနေသည်။ ''အရင်အစိုးရလက်ထက်တုန်းက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ရင် နိုင်ငံရေးအကျဉ်းသားက အင်မတန်နည်းတယ်။
ဒုစရိုက်သမားတွေထုတ်လိုက်တဲ့အခါကျတော့ အဲဒါတွေက စိုက်ခဲ့တဲ့အပင်က ဒီအချိန် မှာအသီးသီးတယ်လို့ မှတ်ရမယ်။ မုဒိမ်းမှုမှန်သမျှ ဆန့်ကျင်ကြ။ လူမဆန်တဲ့မုဒိမ်းမှု သေဒဏ်ပေးစတဲ့ ဦးတည်ချက်တွေနဲ့လုပ်သွားကြမယ်။ သက်ငယ်မုဒိမ်းမှုကို သေဒဏ်ပေးနိုင်အောင် တတိုင်းပြည်လုံး ပူးပေါင်း လုပ်ဆောင်သွားမယ်ဆိုရင် လူ့အဖွဲ့အစည်းက တည်ငြိမ်လာနိုင်တယ်။ ဒီလိုမှမဟုတ်ရင် လူ့အဖွဲ့အစည်းက ပျက်မှာပဲ''ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။ သက်ငယ်မုဒိမ်းမှုများအတွက် သေဒဏ်ပေးနိုင်ရေးအဆိုကို ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်သွင်းခဲ့ဖူးသော်လည်း အောင်မြင်မှု မရခဲ့ပေ။ ယခုအစိုးရသက်တမ်းအတွင်း ယခုအချိန်ထိ လွှတ်တော်ကိုယ်စားလှယ်တဦးတယောက်ကမျှ သက်ငယ်မုဒိမ်းနှင့်ပတ်သက်ပြီး အဆိုတင်သွင်းခြင်းမရှိသေးသောကြောင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှား သူများနှင့် ပြည်သူလူထုအနေနှင့် အားမလိုအားမရဖြစ်လျက်ရှိသည်။ မြန်မာနိုင်ငံအနေနှင့် သက်ငယ်မုဒိမ်းမှုအပေါ် ပြစ်ဒဏ်စီရင်ပုံနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံအား အတုယူ သင့်သည်။ ယခုနှစ် ဧပြီလအတွင်း မိန်းကလေးတဦးကို အုပ်စုဖွဲ့အဓမ္မကျင့်သတ်ဖြတ်မှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် 'ဇိုင်နယ်'အမည်ရှိ အမျိုးသားကို အင်ဒိုနီးရှားနိုင်ငံ ဆူးမတြားကျွန်းတရားရုံးတရုံးက စက်တင်ဘာ ၂၉ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့သည်။
ဇိုင်နယ်နှင့် အပေါင်းပါအမျိုးသား လေးဦးတို့သည် ယခုနှစ် ဧပြီလ အတွင်းက အသက် (၁၄)နှစ်အရွယ် ကျောင်းသူလေးတဦးကို အုပ်စုဖွဲ့အဓမ္မကျင့်သတ်ဖြတ်ခဲ့ရာ အင်ဒိုနီးရှား တနိုင်ငံလုံး တုန်လှုပ်ချောက်ချားခဲ့ပြီး ကလေးများအပေါ် လိင်မှုကျူးလွန်သူများအား သေဒဏ်ကျင့်သုံးရေး တောင်းဆိုသံများပေါ်ထွက်ခဲ့သည်။ The Straits Times သတင်းစာ၏အဆိုအရ အုပ်စုဖွဲ့အဓမ္မကျင့် လူသတ်မှုကို ဦးဆောင်ခဲ့သူ ဇိုင်နယ်ကို အနောက်ဆူးမတြားတရားရုံးက သေဒဏ်ချမှတ်ခဲ့ပြီး ကျန်အပေါင်းပါလေးဦးကို ထောင်ဒဏ်နှစ်(၂၀)စီ ချမှတ်ခဲ့သည်ဟုဆိုသည်။ တရားရုံးစီရင်ချက်ထွက်လာပြီးနောက် အဓမ္မကျင့် အသတ်ခံရသူမိန်းကလေးငယ်၏ မိဘဆွေမျိုးများက တရားရုံးရှေ့တွင် ဆန္ဒပြခဲ့ကြပြီး ပြစ်မှုကျူးလွန်သူအားလုံးကို သေဒဏ်ပေးရန် တောင်းဆိုခဲ့ ကြသည်။
အဆိုပါအမှုကိုအကြောင်းပြု၍ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် ကလေးသူငယ်များအပေါ် လိင်စော်ကားမှုအတွက် သေဒဏ်ကျင့်သုံးခြင်း၊ ကလေးသူငယ်များအပေါ် လိင်စိတ်ညွှတ်သူများကို အီလက်ထရွန်နစ်စောင့်ကြည့်ရေးကိရိယာများ ၀တ်ဆင်ခိုင်းခြင်း၊ ဓာတုနည်းဖြင့် သင်းကွပ်ခြင်းအပါအ၀င် ကလေးသူငယ်လိင်အကြမ်းဖက်မှုများအတွက် ပြစ်ဒဏ်သစ်၊ စည်းကမ်းသစ်များ စတင်ကျင့်သုံးခဲ့သည်။ အင်ဒိုနီးရှားတွင် မုဒိမ်းမှုကျူးလွန်သူများအား ဓာတုနည်းဖြင့် သင်းကွပ်မည်ဆိုသောသတင်းအား ဖတ်ရှုရပြီး ရန်ကုန်ဆေးရုံကြီးဝင်း အတွင်းရှိ ခွေးလေခွေးလွင့်များအား ရန်ကုန်မြို့တော်စည်ပင်မှ သင်းကွပ်မှုဆောင် ရွက်ခဲ့သည်ကို သတိရမိသည်။ အလားတူ စမ်းချောင်းနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များတွင် ခွေးမျိုးပွားမှု ထိန်းချုပ်ရေး မကြာမီဆောင်ရွက်မည်ဟုလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပြောကြား သည်။ ယင်းမှာ ခွေးများကို အဆိပ်ကျွေးသုတ်သင်သည့်နည်းလမ်းအစား သင်းကွပ်ခြင်းဖြင့် မျိုးပွားမှုလျော့နည်းအောင် လုပ်ဆောင်ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွေးလေခွေးလွင့် ၁၈,၀၀၀ ခန့်ရှိကြောင်းနှင့် ခွေးမျိုးပွားနိုင်မှုကောင်ရေ ၅၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။ မုဒိမ်းသမားများ အထူးသဖြင့် သက်ငယ်မုဒိမ်းသမားများသည် ခွေးထက်မိုက်မဲသူများဖြစ်ကြရာ ယင်းတို့ကို သင်းကွပ်ခြင်း သို့မဟုတ် သေဒဏ်ပေးခြင်း စသည့်ပြစ်ဒဏ်များ တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်သည်။ ယင်းကဲ့သို့ လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာလွှတ်တော်အသီးသီးအနေဖြင့် လက်ရှိဥပဒေများကို အမြန်ဆုံးပြင်ဆင်ရ မည်ဖြစ်သည်။ မုဒိမ်းမှုများကို စစ်ဆေးရာတွင်လည်း ပုံမှန်တရားစီရင်ရေးစနစ်ဖြင့် အချိန်ကြာမြင့်စွာ စစ်ဆေးမှုမပြုဘဲ အထူးခုံရုံးဖြင့် အကျဉ်းနည်းစစ်ဆေးအမိန့်ချမှတ်ကာ မုဒိမ်းကောင်များအား သင်းကွပ်ခြင်း သို့မဟုတ် သေဒဏ်ပေးခြင်းများပြုလုပ်သင့်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။
Credit : News Watch