အလံဖြူကိုင်ပြီး ဆန္ဒပြရတဲ့အကြောင်းကို သေချာသိရဲ့လား ဆိုတဲ့ ဗီဒီယို အွန်လိုင်းတွင်ပျံ့နှံ့
07 Dec 2016 1,389 Views
ရွှေတိဂုံဘုရားလမ်းနဲ့ ကမ်းနားလမ်းတစ်လျှောက်ချီတက် ဆန္ဒပြခဲ့ကြသူများရဲ့ လက်ထဲမှာ အဖြူရောင်အလံငယ်လေးများကို ဝှေ့ယမ်းကိုင်ဆောင်ပြီး စစ်ပွဲတွေကိုရပ်တန့်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ကြဖို့ ကြွေးကြော်ရင်း မြို့တော်ခမ်းမရှေ့ မဟာဗန္ဓုလပန်းခြံသို့ ချီတက်ခဲ့ကြပါတယ်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်စီစဉ်သူ ကိုမြတ်ကျော်က အလံဖြူကိုင်ဆောင်ရခြင်းရဲ့ အဓိပ္ပါယ်ကို “ကမ္ဘာစစ်တွေဖြစ်တုန်းက နှစ်ဦးနှစ်ဖက် အပြန်အလှန် ပြောစရာရှိရင် အလံဖြူပြပြီး စစ်ပွဲကို ခဏရပ်တန့်ထားကြတယ်။ ကျွန်တော်တို့က အဲဒီအဓိပ္ပါယ်ကို ယူတာပါ။ ပင်လုံငြိမ်းချမ်းရေး ညီလာခံအရ အခုဆိုရင် ဖြေရှင်းနိုင်တဲ့ အခြားနည်းလမ်းတွေရှိပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။
အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ ကိုစိုးကျော်သူက “ဒီလိုပဋိပက္ခတွေအတွက် အစိုးရမှာ တာဝန်ရှိတယ်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပြည်တွင်းစစ်ဖြစ်နေတာကို ချက်ချင်း ရပ်သင့်တယ်၊ အဲဒီအတွက် တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေ ညှိုနှိုင်းဆွေးနွေးကြဖို့ အစိုးရကို တွန်းအားပေးတာပါ” ဟု ပြောဆိုခဲ့ပါတယ်။
အထက်ပါအတိုင်း ပြောဆိုခဲ့တာတွေရှိခဲ့သလို လမ်းမတွေပေါ်မှာ အလံဖြူလေးတွေဝှေ့ယမ်းကာ ဆန္ဒပြနေပေမယ့် ဘာကြောင့်လဲဆိုတဲ့ အဖြေကို ခြေခြေမြစ်မြစ်မသိပဲ အများနည်းတူ ဆန္ဒပြနေကြသူတွေလည်း ရှိနေခဲ့ပါတယ်။ ဒီလိုဆန္ဒပြမှုအပေါ် မတူညီကွဲပြားတဲ့ အမြင်နဲ့ ရှုမြင်သူတစ်ဦးက သူမရဲ့ သဘောထားကို ဆန္ဒပြနေသူများအား ရှင်းပြခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။ ဗီဒီယိုရဲ့ အဆုံးပိုင်းမှာတော့ ဆန္ဒပြနေသူတစ်ဦးက အလံဖြူလေးကို အခြားနေရာမှာ ထိုးစိုက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
Ref:mmtimes, facebook video