ဘင်္ဂါလီများသည် မြန်မာတိုင်းရင်းသားမဟုတ်၍ လူ့အခွင့်ရေးအကြောင်းပြပြီး အခွင့်ရေးတောင်းလို့မရကြောင်း ကာကွယ်ရေး ဦးစီးချုပ်ပြောကြား
07 Dec 2016 1,537 Views

ဘင်္ဂါလီများအနေဖြင့် မြန်မာတိုင်းရင်းသားများ မဟုတ်ဘဲ မြန်မာနိုင်ငံတွင် လာရောက်နေထိုင်သူများသာ ဖြစ်ကာ လူ့အခွင့်အရေး အကြောင်းပြပြီး အခွင့်အရေးတောင်းဆို၍ မရကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီး H.E.Dr.Nikolay Listopadov အား ဒီဇင်ဘာ ၅ ရက်တွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအနေဖြင့် မြန်မာတိုင်းရင်းသားများ မဟုတ်ဘဲ မြန်မာနိုင်ငံတွင် လာရောက် နေထိုင်သူများသာဖြစ်ကြောင်း၊ အခွင့်အရေးများ ပေးထားပြီးဖြစ်၍ နိုင်ငံသားဖြစ်မှု ဥပဒေများနှင့်အညီ စိစစ်မှုခံယူရမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေး အကြောင်းပြ၍ အခွင့်အရေး တောင်းဆို၍မရဘဲ ဥပဒေနှင့်အညီ လုပ်ဆောင်ရမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဥပဒေများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကာလကြာရှည်စွာ ချစ်ကြည်ရင်းနှီးမှုရှိခဲ့သည့် ဆက်ဆံရေးသမိုင်းကြောင်းနှင့် ၁၉၈၉ ခုနှစ်မှစ၍ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများတွင် ရုရှားနိုင်ငံမှ ကူညီလုပ်ဆောင်ပေးခဲ့သည့် အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်ခိုင်မာခဲ့သည့် အခြေအနေများ၊ စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ပညာတော်သင်များ တိုးမြှင့်စေလွှတ်ခြင်း အပါအဝင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် နယ်ပယ်အားလုံး၌ တိုးမြှင့်လုပ်ဆောင်သွားမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။