(၁၅)နှစ်အရွယ် မိန်းကလေးနှစ်ဦးအား ပြည့်တန်ဆာအဖြစ် ရောင်းခဲ့သူများအား နှစ်ရှည်ထောင်ဒဏ်ချမှတ်
06 Dec 2016 1,372 Views

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်ခရိုင်တရားရုံးမှ ၁၅ နှစ်အရွယ် မိန်းကလေးနှစ်ဦးကို ပြည့်တန်ဆာ အဖြစ် တစ်ကြိမ်ထက်မက ရောင်းစားသူများအား လူကုန်ကူးမှုပုဒ်မဖြင့် ဒီဇင်ဘာလ ၅ ရက်က ထောင် ဒဏ်တစ်သက်နှင့် နှစ်ရှည်ထောင်ဒဏ်များအသီးသီးချမှတ်ခဲ့ကြောင်း သိရှိရသည်။
၂၀၁၅ ခုနှစ်အတွင်းက ပြည်မြို့မှ ၁၅ နှစ်အရွယ်မိန်းကလေးနှစ်ဦးအား ထမင်းဆိုင်တွင် အလုပ်ရမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်သွားခဲ့ပြီး မြန်မာပြည်အလယ်ပိုင်းမြို့များတွင် ပြည့်တန်ဆာ လုပ်ကိုင်ရန် အကြိမ်ကြိမ် ရောင်းစားခံခဲ့ရသူ မိန်းကလေးတစ်ဦး၊ ပြန်လည် ထွက်ပြေးလွတ်မြောက် လာပြီးနောက်၊ မိဘများမှ တိုင်တန်းမှုများ ပြုလုပ်ခဲ့သဖြင့် တစ်နှစ်နီးပါကြာရုံးတင်စစ်ဆေးပြီးနောက် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မိန်းကလေးငယ်နှစ်ဦးမှာ ၂၀၁၅ ခုနှစ် မေလ(၂၂) ရက်နေ့ကပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ထမင်းစားရန် ဟင်းဝယ်ခိုင်းလိုက်စဉ် ပြည်မြို့ ပွင့်လှသိမ်ကုန်းရပ်ကွက်နေသူ ကိုမြင့်ကြိုင်နှင့် ကိုလှိုင်ဘွားတို့က ချောက်မြို့ တွင် စားပွဲထိုးလုပ်လခပိုရမည်ဖြစ်ကြောင်း၊ ၎င်းတို့ အဒေါ်ဆိုင်ဖြစ်ကြောင်း ပြောဆိုကာ ချောက်မြို့သို့ ခေါ်ဆောင်သွားပြီးနောက် ကြိုတင်စောင့်ဆိုင်းနေသူများထံတွင် ထားခဲ့ကာ ပြည့်တန်ဆာ အလုပ်ကို ခိုင်းစေခဲ့ကြောင်း ထို့မှတဆင့် ဆည်၊ လမ်းတံတား ဆောက်လုပ်သည့်နေရာရှိ လင်မယား နှစ်ဦးထံတွင်လည်း ထပ်မံလုပ်ကိုင်ခဲ့ရကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
ကျူးလွန်ခဲ့သူ (၆)ဦးအနက် တရားခံ မြင့်ကြိုင်မှာ ၂၀၁၁ ခုနှစ်တုန်းကလည်း လူကုန်ကူမှုဥပဒေနှင့် ထောင်ဒဏ်(၁၀)နှစ် ပြစ်ဒဏ် ကျခံခဲ့ဘူးသူဖြစ်သဖြင့် ဒုတိယအကြိမ် ထပ်မံကျူးလွန်သည့်အတွက် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ်တစ်သက် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ကျန်ငါးဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄ အရ ထောင်ဒဏ် ၁၂ နှစ်စီ အသီးသီးချမှတ်ခဲ့ကြောင်း သိရှိရသည်။
Credit:မြစ်မခ