အရှုံးပေါ်သဖြင့် SRT ယာဉ်လိုင်း ပြေးဆွဲမှုရပ်နားမည်
06 Dec 2016 1,573 Views

စမ်းရောင်နီကုမ္ပဏီပိုင် SRT ယာဉ်လိုင်းသည် ပြေးဆွဲခဲ့သော (၂)နှစ်ခန့်အတွင်းကျပ်သန်း ၇၀၀ ခန့် အရှုံးပေါ်နေသဖြင့် ဒီဇင်ဘာ ၇ ရက်မှ၍ ယာဉ်လိုင်းပြေးဆွဲမှုရပ်နားမည် ဖြစ်ကြောင်းသတင်းရရှိပါတယ်။ “ပြေးဆွဲမှု ရပ်နားလိုက်ရခြင်း အဓိကကြောင်းရင်းက SRT ယာဉ်လိုင်းမှာ အရှုံးပေါ်မှုတွေများလာတာရယ်၊ နောက်ပိုင်းမှာ အများစုပိုင်စနစ်မှာ ပါဝင်ဖြစ်မှာကြောင့် ယာဉ်လိုင်းပြေးဆွဲခြင်းကို ဒီဇင်ဘာ ၇ ရက်နေ့နောက်ဆုံးထားပြီး ပြေးဆွဲပေးမှာပါ”ဟု SRT ယာဉ်လိုင်းများကုမ္ပဏီစမ်းရောင်နီမှ အကြီးတန်းအထွေထွေမန်နောဂျာ ဦးတင်ဝင်းအောင်က ပြောပါတယ်။ “ဝန်ထမ်းတွေကတော့ ခန့်ထားမှာပဲ၊ အလုပ်တော့လုပ်နေမှာပဲ။နောက်ပိုင်းမှာ အများပိုင်ယာဉ်လိုင်းမှာပါမယ်။ ဒီကြားထဲမှာ ကားတွေပြင်မယ်၊ ဂက်စ်တွေပြန်တင်ထည့်မယ်၊ လောလောဆယ်လည်း ကျောင်းကားလေးတွေ စမ်းသပ်ပြေးဆွဲနေတယ်။ဝန်ထမ်းတွေအတွက်ကတော့ ဘာမှပြဿနာမရှိပါဘူး”ဟု ဦးတင်ဝင်းအောင်ကပြောပါတယ်။
အဆိုပါယာဉ်လိုင်းသည် ခရီးသည်လုံခြုံမှုအတွက် ကားအတွင်း၊ အပြင်တွင်လျှို့ဝှက်ကင်မရာများတပ်ဆင်ထားခြင်း၊ မှတ်တိုင်တွင် လူတင်ချမှလွဲ၍ကြာမြင့်စွာရပ်ဆိုင်းမှုမရှိခြင်း၊ ကားစထွက်ချိန်မှစ၍ အဲကွန်းဖွင့်ပေးထားခြင်းစသည့် ဝန်ဆောင်မှုများကို ပေးသာယာဉ်လိုင်းဖြစ်ပြီး SRT ယာဉ်လိုင်း ယာဉ်မောင်းများ၏ လစာနှုန်းထားမှာ ကျပ်သုံးသိန်းခွဲမှ ကျပ်ငါးသိန်းကျော်အထိဖြစ်ပြီး ယာဉ်နောက်လိုက်များ၏ လစာမှာ ကျပ်သုံးသိန်းခန့်ရှိကြောင်း သတင်းရရှိပါတယ်။စမ်းရောင်နီ ကုမ္ပဏီအနေဖြင့် SRT ယာဉ်လိုင်းပြေးဆွဲမှုကို ဒီဇင်ဘာ ၇ ရက်တွင် အပြီးရပ်နားမည်ဖြစ်ပြီး အများပိုင်ယာဉ်လိုင်းများစတင်ချိန်တွင် ကားအစီးရေ လေးရာခန့်ဖြင့် ခရီးသည်ပို့ဆောင်ရေးတွင် ပါဝင်ဆောင်ရွက်ရန်ရှိကြောင်း သတင်းရရှိပါတယ်။
Soure : 7day daily
ဓာတ်ပုံ . ပုံဖော်မှုမျှသာ