သာကေတတွင် ကုန်စိမ်းသည်များနှင့် အချင်းများပြီး ရိုက်နှက်ခဲ့သည့် ဆိုင်ပိုင်ရှင် ထောင်(၃)လကျ
02 Dec 2016 1,384 Views
ဒီဇင်ဘာလ (၁) ရက်နေ့ နံနက် (၆) နာရီခွဲအချိန်ခန့်တွင် သာကေတမြို့နယ် ရတနာပုံ (၁)လမ်း၌ လမ်းဘေးတွင် ကုန်စိမ်းရောင်းနေသူများကို ပလပ်စတစ်ပစ္စည်းအရောင်းဆိုင်ရှင် ဘာသာခြား အမျိုးသားတစ်ဦးက သူ၏ဆိုင်ရှေ့တွင် ပိတ်၍ ဈေးရောင်းသည်ဟုဆိုကာ ဖယ်ရှားခိုင်းခဲ့ရာမှ အချင်းများခဲ့ပြီးနောက် ကုန်စိမ်းသည်၏ ပစ္စည်းများကို ဖျက်ဆီးကာ ရိုက်နှက်ခဲ့သည့် အတွက် ပတ်ဝန်းကျင်ရှိလူများက မခံမရပ်နိုင်ဖြစ်ကာ အဆိုပါ ဘာသာခြား၏ ပလပ်စတစ်ပစ္စည်းဆိုင်ကို လူစုလူဝေးနှင့် ဝိုင်းဝန်းဖျက်ဆီးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။
ကုန်စ်မ်းသည်အချို့ အရိုက်ခံခဲ့ရပြီး တစ်ဦးကိုဆေးရုံသို့ ပို့ခဲ့ရကြောင်း ကိုယ်တိုင်ရိုက်ခံခဲ့ရသူ ဒေါ်ချိုချိုဝင်းမှ အောက်ပါအတိုင်းဆိုသည်။
“သူ့ဆိုင်က ဒီနေ့မှ စဖွင့်တာ၊ ကျွန်မတို့က ဒီနေရာမှာဈေးရောင်းနေတာ နှစ် ၂၀ လောက်ရှိပြီ။ အဲဒါသူ့ဆိုင်ကိပြိတ်ပြီး ဈေးရောင်းပါတယ်ဆိုပြီး ကျွန်မတို့ကို သံတုတ်နဲ့ရိုက်တယ်။ ကောင်မလေးတစ်ယောက် အရိုက်ခံရပြီး ဆေးရုံမှာ။ ကျွန်မလည်း နဲနဲအရိုက်ခံရတယ်”
ကုန်စိမ်းဈေးသည်အချို့ကို ရိုက်နှက်ခဲ့သော အဆိုပါ အမျိုးသားကို ရန်ကုန်ရဲအက် ၃၀(က) နှင့် အမှုဖွင့်ခဲ့ပြီး ထောင်သုံးလ ကျခံစေရန် ချက်ချင်းအမိန့်ချခဲ့သည်။ အဆိုပါအမျိုးသားနှင့်အတူ ပါဝင်ခဲ့သူတစ်ဦးကိုလည်း ပုဒ်မ (၅)ခုနှင့် အမှုဖွင့်ထားပြီး ကုန်စုံဆိုင်အား ဖျက်ဆီးခဲ့သူများကိုလည်း ပုဒ်မ (၃)ခုနှင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
အဆိုပါဖြစ်ရပ်ကြောင့် လူမျိုးရေး၊ ဘာသာရေး ပြဿနာများဖြစ်မလာစေရန် သက်ဆိုင်ရာမှ အချိန်မီတာဆီးခဲ့ပြီးနောက် လုံခြုံရေးတိုးမြှင့်ချထားခဲ့သည်။
Ref:မော်ဒန်