BEC-TERO TV

သက်ငယ်မုဒိန်းပြစ်မှုအတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ပြစ်ဒဏ်ချရန် ဥပဒေပြင်ဆင်နေ

29 Nov 2016     1,373 Views


သက်ငယ်မုဒိန်း ကျူးလွန်သူများကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းထိ ငွေဒဏ်နှင့်တစ်ကွ ပြစ်ဒဏ်ချမှတ်နိုင်ရန် ဥပဒေပြင်ဆင်လျှက်ရှိကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်မြတ်အေးက နိုဝင်ဘာ ၂၈ ရက်နေ့က အမျိုးသားလွှတ်တော်၌ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
 
လတ်တလောတွင် သက်ငယ်မုဒိန်းအတွက် သီးခြားဥပဒေပုဒ်မ မရှိသဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ရာဇသတ်ကြီးပုဒ်မ (၃၇၆) ဖြင့်သာ ပြစ်ဒဏ်ချမှတ်နေရခြင်းဖြစ်သည်။ ကလေးသူငယ်များ ကျူးလွန်ခံနေရသည့် အမှုများထဲတွင် မုဒိမ်းမှုသည် အများဆုံးဖြစ်ပြီး လူသတ်မှုက ဒုတိယအများဆုံးဖြစ်ကြောင်း စာရင်းဇယားများအရ သိရှိခဲ့ရသည်။
 
သက်ငယ်မုဒိန်း ကျူးလွန်သူများကို သေဒဏ်ချမှတ်ပေးရန်အတွက် တောင်းဆို ဆန္ဒပြလှုပ်ရှားမှုများ မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် စိတ်အားတက်ကြွစွာ လုပ်ဆောင်လျက်ရှိသည်။ နိုဝင်ဘာ ၂၈ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော သက်ငယ်မုဒိန်း သေဒဏ်ကျခံစေရန် လှုပ်ရှားမှုသို့ တက်ရောက်လာခဲ့သော ရှေ့နေဦးရောဘတ်စန်းအောင်က ရဲစခန်းများ၏ ပေါ့လျော့မှုများကြောင့် မုဒိမ်းမှုများပြားနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သလို၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီကလည်း ရဲဌါန၏ တာဝန်မကျေပွန်မှုများကြောင့် သူ၏မဲဆန္ဒနယ်အတွင်း ဖြစ်ပွားခဲ့သော အစ်ကိုရင်းက ညီမရင်းကို လိင်ပိုင်းဆိုင်ရာစော်ကားမှုကို လူမှုကွန်ယက်၌ ပျံ့နှံ့ခဲ့မှသာ ရဲစခန်းမှ အမှုဖွင့်ပေးခဲ့ကြောင်း ပြောဆိုခဲ့သည်။
 
ထို့ကြောင့် ကလေးသူငယ်ဆိုင်ရာ ဥပဒေကို ပြန်လည်ပြင်ဆင်ရာတွင် သက်ငယ်မုဒိန်းကျူးလွန်သူ မည်သူကိုမဆို ထောင်ဒဏ်(၁၀)နှစ်မ အမြင့်ဆုံး တစ်သက်တစ်ကျွန်းအပြင် ငွေဒဏ်ပါ ချမှတ်ရန်ပြင်ဆင်ထားခြင်းဖြစ်သည်ဟု ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။
 
Credit:7DayDaily
 

29 Nov 2016     1,373 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS