မြန်မာအသင်းကို သုဝဏ္ဏကွင်းမှာ ကိုယ်တိုင်အားပေးမည့်သူများအတွက် အသုံးဝင်မည့် ဆောင်ရန်ရှောင်ရန်များ
21 Nov 2016 1,354 Views
မြန်မာအသင်းကို ကိုယ်တိုင်ကိုယ်ကျ သုဝဏ္ဏအားကစားကွင်းထဲမှာ သွားရောက် ကြည့်ရှုအားပေးသူများ အဆင်ပြေပြေအားပေးနိုင်ရန် ပထမနေ့ပွဲစဉ် အတွေ့အကြုံများအပေါ်မူတည်၍ ဆောင်ရန်/ရှောင်ရန် အချက်များကို ဖော်ပြပေးလိုက်ပါတယ်။
သယ်ဆောင်ခွင့်မပြု
ဘောလုံးကွင်းအတွင်းသို့ အရက်၊ ဘီယာနှင့် လက်နက် လုံးဝယူဆောင်ခွင့်မပြုပါ၊ ဂိတ်ပေါက်ဝတွင် စစ်ဆေးပြီး ထီးယူဆောင်လာပါက လုံခြုံရေး ဌါနတွင် တုံကင်နှင့် အပ်နှံထားခဲ့ရပါတယ်။ အလားတူစွာ အချိုရည်ဗူး၊ ရေသန့်ဗူးတို့ကို လုံခြုံရေးဂိတ်၌ အရည်များကို ကျွတ်ကျွတ်အိတ်တွင်းသို့ လောင်းထည့် လှယ်ယူပြီးမှ ကွင်းအတွင်းသို့ ဝင်ခွင့်ရမှာဖြစ်ပါတယ်။
ထို့အပြင် အသံကျယ်လောင်စွာ မြည်သည့် လေမှုတ်ပစ္စည်းများကိုလည်း ယူဆောင်ခွင့်မရှိပါ။ တီးခတ်နိုင်သည့် တူရိယာများကို ကြိုတင်ခွင့်ပြုထားသည့် အဖွဲ့အစည်း မှလွဲ၍ သာမန်အားပေးသူ ပရိသတ်များ ယူဆောင်လာခွင့်မပြုပါ။ အလံတိုင်များနှင့် လူကိုအန္တရာယ်ဖြစ်စေနိုင်လောက်သည့် အရာများကို လုံးဝ ယူဆောင်ခွင့်မပြုပဲ ဂိတ်ပေါက်ဝတွင် လုံခြုံရေး စစ်ဆေးမှုခံယူရပါမည်။
အစားအစာဝယ်ယူနိုင်ခြင်း
ဘောလုံးကွင်းအတွင်း ပွဲကြည့်စင်များအောက်တွင် အစားအသောက်များအားလုံးကို ဝယ်ယူနိုင်သည့်အတွက် စိတ်ပူရန်မလိုပါ။
.jpg)
လက်မှတ်
ဘောလုံးပွဲအတွက် ကြိုတင်လက်မှတ်များကို ကစားမည့်ရက်မတိုင်ခင်ထိ မြန်မာပလာဇာ၊ အောင်ဆန်းကွင်း(အထူးတန်း)၊ ပဒုမ္မာ ကွင်း၊ သုဝဏ္ဏကွင်း (အထူးတန်းဝင်ပေါက်)တို့တွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ (မြန်မာပလာဇာတွင် ည ၉ နာရီထိ) ရောင်းချပေးလျက်ရှိပြီး မှတ်ပုံတင်တစ်ခုလျှင် လက်မှတ် ၂ စောင်တယ်ယူနိုင်ပါသည်။
ပွဲကျင်းပသည့်နေ့တွင်လည်း သုဝဏ္ဏအားကစားကွင်းရှိ ခြံဝင်း တံခါးအနီးတွင် နံနက် ၁၀ နာရီခန့်က စတင်ရောင်းချပေးနေသော်လည်း လက်မှတ်ရရှိရန် မသေချာသည့်အတွက် ကြိုတင်လက်မှတ်များ ဝယ်ယူထားမှသာ စိတ်ချရပါလိမ့်မည်။ ပွဲအတွင်းဝင်ရောက်သည့် ဂိတ်များတွင် လက်မှတ်များ လုံးဝ မရောင်းချပေးပါ။
သတိပြုရန်။ လက်မှတ်များတွင် ကွင်းအတွင်း တစ်ကြိမ်သာ ဝင်နိုင်ရန်ကန့်သတ်ထားသည့် ဘားကုဒ်စနစ် ထည့်သွင်းထားသည့်အတွက် ပြင်ပမှောင်ခိုမှ ဝယ်ယူထားသောလက်မှတ်များသည် (ဘားကုဒ်ဖြတ် လူဝင်ပြီးသား သို့မဟုတ် လက်မှတ်အတု) ဖြစ်နေနိုင်သဖြင့် (လုံးဝ) စိတ်မချရကြောင်း သတိပြုသင့်ပါသည်။
ကွင်းအတွင်းဝင်ရောက်ခြင်း
ဘေားလုံးကွင်းအတွင်းသို့ ဝင်ရောက်ရန် ဂိတ်ပေါက်များကို နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် စတင်ဖွင့်လှစ်ပြီး၊ မိမိ၏ လက်မှတ်တွင် ရေးသားထားသော ဂိတ်ပေါက် နံပါတ်အတိုင်း သက်ဆိုင်ရာဂိတ်ပေါက်မှသာ ဝင်ရမည်ဖြစ်သည်။ ဂိတ်ပေါက်တွင် လက်မှတ်ကို စကင်ဖတ်သည့်အတွက် ဂိတ်ပေါက်မှားဝင်ခြင်းကို (လုံးဝ) ခွင့်ပြုမည်မဟုတ်ပါ။
ပွဲချိန်ကပ်မှ သွားရောက်ခြင်းက လူတန်းရှည်ကြီးနှင့် တွေ့ကြုံရနိုင်သလို၊ မလိုလားအပ်သည့် ပြဿနာများ ကြုံတွေ့ရတတ်သဖြင့် အတတ်နိုင်ဆုံး စောဆုံးဝင်ရောက်ခြင်းသည်သာ ပို၍စိတ်အေးချမ်းရပါမည်။
သုဝဏ္ဏအားကစားရုံနှင့် ဂိတ်ပေါက်များပြ မြေပုံ
.jpg)
လက်မှတ်ပေါ်တွင် စစ်ဆေးရမည့် ဂိတ်ဝင်ပေါက်နှင့် လက်မှတ်အမျိုးအစား
.png)
#popolay team