ကျီးမနိုးပွဲညတွင် သားအမိနှစ်ယောက်ကို အိမ်ထဲဝင်၍ ဓားဖြင့်ထိုး
18 Nov 2016 1,757 Views

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွာမ အနောက်ရပ်ကွက် လျှပ်စစ်အိမ် ရာဝင်း နေအိမ်တိုက်ခန်းအတွင်း သို့ အမျိုးသားနှစ်ဦး ဝင်ရောက် လာပြီး ဓားဖြင့်ထိုး၍ သားအမိ နှစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၆ ရက် နံနက် ၁ နာရီခန့်တွင် သားဖြစ်သူကို ဓားဖြင့်ထိုးပြီးနောက် မိခင်ကိုပါ ဓား ဖြင့်ဆက်ထိုးခဲ့ကြောင်း၊ ယင်းအိမ် ရာတွင် နေထိုင်သူကပြောသည်။
“ညက ကျီးမနိုးပွဲဆိုတော့ အိမ်ရာထဲမှာ လူတွေရှိတယ်။ အသံတွေကြားတော့ ရပ်ကွက်က လူတွေ ဝိုင်းဖမ်းတာမိတယ်။ ဒီ အိမ်ရာမှာ လုံခြုံရေးမရှိတော့ နေထိုင်ရတာ မလုံခြုံဘူးလို့ ထင်တယ်။ အဲဒီတိုက်ခန်းရှေ့မှာတော့ လူမနေဘူး။ သားနှစ်ယောက်နဲ့ သူတို့အမေပဲ နေပါတယ်” ဟု ၎င်းက ပြောသည်။
ဓားဖြင့်ထိုးခံရသည့် သားဖြစ်သူမှာ အဝေးသင်တက္ကသိုလ် တက်ရောက်နေသူဖြစ်ပြီး မိခင်က နေအိမ်ရှေ့တွင် အသံကြား၍ ထွက်ကြည့်ရာမှ ၎င်းကိုပါ ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း အင်းစိန် ရဲစခန်းမှ ရဲအရာရှိကပြောသည်။
“တိုက်ခန်းရှေ့မှာ အသံတွေ ကြားလို့ အမေက ထွက်ကြည့်တယ်၊ သားဖြစ်သူကို ဓားနဲ့ထိုးပြီး အမေဖြစ်သူကိုပါထပ်ထိုးတာပါ။ နှစ်ယောက်စလုံး ဗိုက်နဲ့ကျောပြင်မှာ ဒဏ်ရာတွေရတယ်။ အင်းစိန် ဆေးရုံမှာ တက်ရောက်ကုသနေပါတယ်။ မိထားတဲ့ နှစ်ယောက် ကိုလည်း စစ်နေပါတယ်” ဟု ရဲအရာရှိကပြောသည်။ ပြစ်မှုကျူးလွန်သူ အမျိုးသားနှစ်ဦးကို အင်းစိန်မြို့မရဲစခန်းတွင် ဖမ်းဆီး စစ်ဆေးလျှက်ရှိသည်။
Credit:7DayDaily