ရွှေတိဂုံစေတီတော်မြတ်ကြီးကို အဖျက်သမားများ နှောင့်ယှက်မည်ဆိုသောသတင်းများကြောင့် လုံခြုံရေးတိုးမြှင့်ထား
18 Nov 2016 2,163 Views

လူမှုကွန်ရက် စာမျက်နှာများတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ပြည်တွင်း၊ ပြည်ပ အဖျက်သမား များက နှောင့်ယှက်မည်ဆိုသော သတင်းများထွက်ပေါ်နေသောကြောင့် လုံခြုံရေးများ တိုးမြှင့်ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက နိုဝင်ဘာ(၁၇)ရက် ဒုတိယအကြိမ် အမျိုသားလွှတ်တော် တတတိယ ပုံမှန်အစည်းအဝေး ဒုတိယနေ့ အပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“လုံခြုံရေးတိုးမြင့်ထားတာကတော့ နှစ်ပတ်လောက်ရှိပါပြီ။ ဝန်ထမ်းကတော့ အခုမှခန့်နေတုန်းမို့လို လိုအပ်ချက်က ပြည့်မှီခြင်းရှိ၊ မရှိ လုပ်ရင်းနဲ့ကပဲ သိသွားမှာပါ။ ဝန်ထမ်းပမာဏကတော့ အတိအကျမသိပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာနက ရဲတပ်ဖွဲဝင်အင်အားနဲ့လည်း နေ့၊ ည ကာကွယ်စောက်ရှောက်ထားတယ်။” ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ပြောသည်။
လူမှုကွန်ရက်စာမျက်နှာတွင်လည်း ရွှေတိဂုံစေတီတော်မြတ်ကြီးကို မြန်မာပြည်အနောက်ဘက်ဖျားတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုနှိမ်နင်းရေးဆောင်ရွက်ချက်များနှင့် ပတ်သတ်၍ ပြည်တွင်း၊ ပြည်ပ အဖျက်သမားများက နောက်ယှက်မည်ဆိုသော သတင်းများလွှင့်တင်ထားကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုထံမှ သိရသည်။
“လူမှုကွန်ရက်မှာ နှောက်ယှက်တဲ့ပုံစံဒီဇိုင်းတွေကို တင်ထားတာတွေ့ရမှာပါ။ ရွှေတိဂုံ စေတီတော်မြတ်ကြီးရဲ့ လုံခြုံရေးကတော့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ လိုအပ်တဲ့ လုံခြုံရေးဝန်းထမ်းတွေ ခန့်ထားဖို့လည်း ညှိနှိုင်းထားပါတယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်နဲ့ အောက်ခြေ ပတ်လည် တစ်ဝိုက် လုံခြုံရေးအလင်းရောင်အပြည့်အဝရရှိစေရန်အတွက်လည်း စီမံဆောင်ရွက်နေပြီး မကြာမီ ရက်ပိုင်းအတွင်း အကောင်အထည်ဖော်သွားမယ်။” ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။
နိုင်ငံတော်စေတီတော်သုံးဆူအဖြစ်သတ်မှတ်ထားသည့် ရွှေတိဂုံစေတီတော်၊ ကျိုက်ထီရိုးစေတီတော်နှင့် မန္တလေးမဟာမုနိစေတီတော်တို့အား လက်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တိုးတက် ပြောင်းလဲမှုများ ဖြစ်ပေါ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။
Credit:မြစ်မခမီဒီယာ