စတုတ္ထတန်းကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရပြန်
17 Nov 2016 1,511 Views

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်တွင် စတုတ္ထတန်းကျောင်းသူ တစ်ဦးအဓမ္မပြုကျင့်ခံရပြီး အသတ်ခံရမှု နိုဝင်ဘာ(၁၅)ရက်က ဖြစ်ပွားခဲ့ကြောင်း မြောင်မြို့မရဲစခန်းမှ သိရှိရသည်။
မြောင်မြို့နယ် အုန်းနှဲဘုတ်ကျေးရွာအုပ်စု မြစံကျေးရွာနေ စတုတ္ထတန်းကျောင်းသူမှာ ဖခင်နှင့်အတူ အုန်းနှဲဘုတ် ကျေးရွာဇာတ်ပွဲသို့ နိုဝင်ဘာ(၁၄)ရက်ညကသွားကြည့်ပြီး အပြန်တွင် ဖခင်ဖြစ်သူမှ ဆိုင်ကယ် သွားယူနေစဉ် သမီးအားပွဲခင်းအနီးရှိ ကွမ်းယာဆိုင်တစ်ဆိုင်အနီးတွင်ထားခဲ့ပြီး (၁၅) မိနစ်ခန့် အကြာတွင် ဖခင်ပြန်လာပြီး သမီးအား မတွေ့ရှိတော့ပဲ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပျောက်ဆုံးခဲ့သူ ကလေးငယ်ကို နိုဝင်ဘာ(၁၅)ရက် အုန်းနှဲဘုတ်ကျေးရွာ အ-လ-ကကျောင်း အရှေ့တောင်ဖက်ရှိ ပြောင်းအခင်းအတွင်း နေ့ခင်းပိုင်းအချိန်၌ လူသေအလောင်းတွေ့ရှိခဲ့ကြောင်း ရဲမှတ် တမ်းများအရ သိရသည်။ ရဲတပ်ဖွဲ့ဝင်များ၏ ဆေးစစ်ချက်အရသေဆုံးသွားသည့် မိန်းကလေးအင်္ဂါစပ်တွင် အဖုများထွက်ရှိနေပြီး ၎င်း သေဆုံးမှုသည် သာမန်သေဆုံးခြင်းမဟုတ်ဘဲ အဓမ္မပြုကျင့်ခံရပြီး အသတ်ခံခဲ့ရကြောင်း ရဲမှတ်များအရ သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပက်သက်၍ မြောင်မြို့မရဲစခန်းမှ တရားခံပေါ်ပေါက်ရေးအတွက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆၊ လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Credit:မြစ်မခမီဒီယာ