၂ဝ၁၆ ဆူဇူကီးဖလားပြိုင်ပွဲတွင် မီးရှုးမီးပန်းများ ကွင်းအတွင်း ယူဆောင်လာခွင့်မပြု
16 Nov 2016 1,326 Views

၂ဝ၁၆ ဆူဇူကီးဖလားပြိုင်ပွဲတွင် ကွင်းအတွင်းသို့ မီးရှုးမီးပန်းများယူဆောင်ခြင်းမပြုရန် တားမြစ်ထားပြီး။ မော်တော်ယာဉ်များပေါ်တွင်ပါ သယ်ဆောင်လာခြင်း ရှိ/မရှိကိုပါ စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့်ပြိုင်ပွဲများတွင် မီးရှုးမီးပန်းများကို ကားများအတွင်းထည့်ကာ သယ်ဆောင်လာသည့်အတွက် ယခုလို စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ပြိုင်ပွဲတွေမှာ ကွင်းအတွင်းကို မီးရှုးမီးပန်းတွေဝင်သွားတဲ့နေရာကနေ စစ်ဆေးကြည့်တဲ့အခါမှာ အခုလို ကားတွေထဲထည့်ပြီးဝင်ရောက်သွားတာ တွေ့ရပါတယ်။ ဒါကြောင်မို့လို့ ကားတွေကိုပါ သေချာစစ်ဆေးသွားမှာ ပါ။” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်ကပြောသည်။
မြန်မာနိုင်ငံတွင်ကျင်းပခဲ့သည့် နိုင်ငံတကာဘောလုံးပြိုင်ပွဲတစ်ခုတွင်လည်း ဧည်သည့်နိုင်ငံမှ ပရိသတ်အချို့က ပွဲကြည့်စင်အနီးတွင် မီးရှုးမီးပန်းများ ပစ်ချခဲ့မှုနှင့်ပတ်သက်၍ အဆိုပါကိစ္စရပ်များကိုလည်း စနစ်တကျ တင်းကျပ် သွားမည်ဖြစ်ကြောင်း သိရသည်။
“ကောင်းပါတယ်။ အခုလိုလုပ်တော့ မီးရှုးမီးပန်းတွေဆိုတာက ပရိသတ်တွေတင်မဟုတ်ဘူး။ ကစားသမားတွေ ကိုပါထိခိုက်စေပါတယ်။”ဟု မြန်မာဘောလုံးပရိသတ် ကိုလင်းထက်ကပြောသည်။၂ဝ၁၆ ဆူဇူကီးဖလားပြိုင်ပွဲ၏ လုံခြုံရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် သက်ဆိုင်ရာတာဝန် ရှိသူများ အစည်းအဝေးနှစ်ကြိမ်ခန့်ပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။
Photo:သရုပ်ဖော်မျှသာ