ယောက်ျားလျာတစ်ဦးမှ မိန်းမငယ်တစ်ဦးကို ဓါးထိုးသတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်
16 Nov 2016 1,363 Views

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်အနီးတွင် ယောကျာင်္းစိတ်ပေါက်နေသူ အမျိုးသမီးတစ်ဦးက အမျိုးသမီးငယ်တစ်ဦးအား ဓားဖြင့်ထိုးသတ်ပြီးနောက် မိမိကိုယ်ကိုလည်း ဓားဖြင့် ထိုး၍အဆုံးစီရင်မှု နိုဝင်ဘာ ၁၅ ရက်၊ နံနက်(၇)နာရီဝန်းကျင်ကဖြစ်ပွားခဲ့ကြောင်း လှိုင်သာယာမြို့မရဲစခန်းမှ သိရှိရသည်။
လှိုင်သာယာ၊ ရခိုင်ရိုးလေးကျေးရွာတွင်နေထိုင်သည့် မသီတာမွန်(၁၈)နှစ်နှင့် ယောက်ျားစိတ်ပေါက်နေသူ အမျိုးသမီး မဇင်မာဝင်း(ခ)ဘုတ်ဆုံ၊ (၂၀)နှစ်တို့သည် ရွှေလင်ဗန်းစက်မှုဇုန်ရှိ ဂျပ်ဘရားသားဖိနပ်စက်ရုံသို့ နံနက်ပိုင်းတွင် အလုပ်အတူသွားစဉ် စကားများရန်ဖြစ်ရာမှ အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖိနပ်စက်ရုံမှာ အလုပ်အတူတူလုပ်တဲ့လူတွေပါ။ မနက်ပိုင်းက စက်ရုံကိုအတူလာရင်း လမ်းမှာဖြစ်သွားတာပါ။ မှုခင်းဖြစ်ပွားရတဲ့ နောက်ခံအကြောင်းအရင်းနဲ့ သူတို့ဘယ်လိုပတ်သက်မှုတွေ ရှိတယ်ဆိုတာတွေရယ် မသိသေး ပါဘူး။ ဖြစ်စဉ်အတိအကျကိုတော့ ရဲအရာရှိတွေ သွားရောက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်”ဟု လှိုင်သာယာ မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။
အခင်းဖြစ်ပွားရာအနီးရှိ မြင်တွေ့ခဲ့သူအချို့ကပြောကြားရာတွင် ယောက်ျားစိတ်ပေါက်နေသူ အမျိုးသမီးတစ်ဦးက အသင့်ယူဆောင်လာသည့်ဓားဖြင့် မသီတာမွန်ကိုထိုးပြီးနောက် ၎င်း၏ဘယ်ဘက်ရင်အုံကို ၎င်းကိုယ်တိုင်ဓားဖြင့်ထိုး၍ သတ် သသွားခြင်းဖြစ်ကြောင်း သိရသည်။
“နံနက်(၇)နာရီဝန်းကျင်လောက်မှာ ရိုးကြီးကားမှတ်တိုင်အနီးမှာဖြစ်ပွားခဲ့တယ်။ ယောက်ျားလျာက ကောင်မ လေးကိုဓားနဲ့ထိုးပြီး နောက်ဆုံးကိုယ့်ကိုကိုယ်ပါ အဆုံးစီရင်သွားခဲ့တာပါ။” ဟု ရွှေလင်ဗန်းစက်မှုဇုန်အနီးမှ ဦးရွှေဘင်လမ်းတွင်နေထိုင်သူ ကိုစည်သူမြင့်ကပြောသည်။
အဆိုပါအခင်းဖြစ်ပွားမှုကြောင့် မသီတာမွန်တွင် ရင်ညွန့်ထိုးသွင်းဒဏ်ရာ၊ ကျောကုန်းတွင် ထိုးသွင်းဒဏ်ရာများ ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ယောက်ျားစိတ်ပေါက်နေသူ အမျိုးသမီးတစ်ဦးက ဘယ်ဘက်ရင်အုံ၌ ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ ခြင်းဖြစ်သည်။
လက်ရှိတွင် အမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်းက မဇင်မာဝင်း(ခ)ဘုတ်ဆုံ၊ (၂၀)နှစ်ကို (ပ)၂၄၅၅/၂၀၁၆၊ လူသတ်မှုပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။
Credit:မြစ်မခမီဒီယာ