ကွန်ပျူတာသုံး မြန်မာစာ စံစနစ်ကို လွယ်ကူချောမွေ့စွာ ပြောင်းလဲနိုင်ရန် မိုက်ခရိုဆော့ဖ်ကူညီမည်
11 Nov 2016 1,356 Views

ကွန်ပျူတာတွင်းအသုံးပြုသည့် မြန်မာစာအတွက် ယူနီကုဒ်စံစနစ်ကို နိုင်ငံတစ်ကာမှ အသိမှတ်ပြုလက်ခံထားပြီ ဖြစ်သော်လည်း ပြည်တွင်းတွင် ဇော်ဂျီစနစ်ကိုသာ အသုံးများနေသေးသည့်အတွက် စံစနစ်ဖြစ်သည့် ယူနီကုဒ်သို့ လွယ်ကူချောမွေ့စွာ ကူးပြောင်းနိုင်ရန် ကူညီပေးမည်ဟု မိုက်ခရိုဆော့ဖ်မှ ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ သတင်းရရှိသည်။
မိုက်ခရိုဆော့ဖ်မှ ထုတ်လုပ်သော ဝင်းဒိုး အိုအက်စ် အသုံးပြုထားသည့် ကွန်ပျူတာ၊ တက်ဘလပ်၊ မိုဘိုင်းဖုန်းများ အားလုံးတွင် ဆော့ဖ်ဝဲ အထောက်အပံ့ဖြင့် ဇော်ဂျီမှ စံစနစ်ယူနီကုဒ်သို့ လွယ်ကူစွာ ပြောင်းလဲပေးနိုင်အောင် စီစဉ်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအစိုးရနဲ့ မိုက်ခရိုဆော့ဖ်ကို ချိပ်ဆက်ပေးသွားမည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် အတွင်းရေးမှူး ဦးထွန်းသူရသက်မှ ပြောကြားသည်။
လက်ရှိတွင်လည်း ဝင်းဒိုး အိုအက်စ်တွင် မြန်မာစာ ယူနီကုဒ်စနစ်ကို အသိမှတ်ပြု ထောက်ပံ့ပေးလျှက်ရှိပြီး ဖောင့်များ၊ လက်ကွက်များကိုလည်း ပိုမိုကောင်းမွန်တိုးတက်လာအောင် ဆောင်ရွက်ပေးလာမည်ဖြစ်သည်။ ပြည်တွင်းတွင် အများစုက ဝင်းဒိုး အသုံးပြုသူများဖြစ်သည့်အတွက် မိုက်ခရိုဆော့ဖ်၏ ကမ်းလှမ်းချက်သည် မြန်မာစာ စံစနစ်သို့ ကူးပြောင်းရာတွင် အလွန်အထောက်အကူပြုမည်ဖြစ်ပြီး စနစ်နှစ်ခုကြား အဆင်ပြေပြေကူးပြောင်းနိုင်ရန် အချိန်ကာလ ခြောက်လမှ ကိုးလထိ ကြာမြင့်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာစံစနစ် ကူးပြောင်းရေးသို့ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်က ကြိုးပမ်းလျှက်ရှိရာ မိုဘိုင်းသုံး အန်းဒရိုက်စနစ် တွင်လည်း ယူနီကုဒ်စံစနစ် သုံးဆွဲလာစေရန် ပြည်တွင်းရှိ စမတ်ဖုန်း ကုမ္ပဏီများနှင့်လည်း တွေ့ဆုံညှိနှိုင်းရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
နိုင်ငံတစ်ကာအသိမှတ်ပြု မြန်မာစာစံစနစ် ယူနီကုဒ်ကို Microsoft, Apple, Google အစရှိသော ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးများက သူတို့၏ ထုတ်ကုန်များ၏ ဘာသာစကား ရွေးချယ်မှုတွင် မြန်မာဘာသာကို ထည့်သွင်းပေးထားခဲ့ပြီးဖြစ်သည်။ မြန်မာစာ ယူနီကုဒ်စံစနစ်ကို အသုံးပြုခြင်းဖြင့် နိုင်ငံခြားဘာသာစကားမှ မြန်မာဘာသာသို့၊ မြန်မာဘာသာမှ နိုင်ငံခြားဘာသာ စကားများသို့ အလွယ်တစ်ကူ ဘာသာပြန်နိုင်မှာဖြစ်ပြီး ဘာသာစကားအတားအဆီးများကို ချိုးဖျက်၍ နိုင်ငံတစ်ကာနှင့် ဆက်သွယ်နိုင်မည့် အကျိုးရလာဒ်များလည်း ရရှိလာမည်ဟု သိရှိရပါသည်။
Credit:7Day