Eleven Media Group မှ CEO နှင့် Eleven Media Group အား ဆက်သွယ်ရေးပုဒ်မ ဖြင့် တိုင်းအစိုးရအဖွဲ့မှ အမှုဖွင့်
10 Nov 2016 1,352 Views

Eleven Media Group မှ ဖော်ပြခဲ့သည့် “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာ့ အာဘော်နှင့် ပတ်သက်၍ Eleven Media Group မှ CEO နှင့် Eleven Media Group အား ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် တာမွေမြို့နယ်ရဲစခန်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နိုဝင်ဘာ(၉)ရက် နေ့လည်(၁းဝဝ)နာရီတွင် အမှုဖွင့်လိုက်ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မင်္ဂလာခန်းမတွင် အဆိုပါဆောင်းပါးနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ မီဒီယာများအား အသိပေး ပြောကြားခဲ့ခြင်းဖြစ်သည်။
“မနက်ကအထိ ကိုသန်းထွဋ်အောင်ရဲ့ဖေ့စ်ဘုတ်မှာ ဆက်ရေးနေတုန်းဖြစ်နေတဲ့အတွက် ဥပဒေနဲ့အညီ ဒီနေ့ တစ်နာရီက ရဲစခန်းမှာ အမှုဖွင့်ဖို့ဆောင်ရွက်ပါတယ်။ဘာကြောင့်လဲဆိုတော့ ဦးသန်းထွဋ်အောင်က အဲလင်းဗင်း မီဒီယာဂရုကို ထောင်ထားသူဖြစ်နေတဲ့အတွက်ကြောင့်ပါ။”ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မီဒီယာများ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
လက်ရှိကြုံတွေ့ခဲ့ရခြင်းသည် သတင်းတစ်ပုဒ်ကို တည်ဆောက်ပြီး ဇာတ်လမ်းဇာတ်ကွက်တစ်ခုကဲ့သို့ ရေးမည် ဆိုသည့် သတင်းမီဒီယာတစ်ခုနှင့် ကြုံရခြင်းကြောင့် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲ မတိုင်မီ နိုဝင်ဘာ(၈)ရက်က ဘီဘီစီမြန်မာပိုင်း အစီအစဉ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၏ ဖြေကြားချက်အား ဥပဒေအရ ဆောင်ရွက်သွားမည်ဟု Eleven Media Group ၏ အဆိုပါနေ့ ညနေပိုင်းက အဲလင်းဗင်းရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Daily Eleven အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားထားသည်။
အဆိုပါ အယ်ဒီတာ့အာဘော်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟု ဖော်ပြထားခြင်းမရှိသည့်အပြင် ဒေါ်လာတစ်သန်းတန် နာရီဟု ဖော်ပြထားခြင်းမရှိသည့်အတွက် ဦးဝင်းထိန်အနေဖြင့် မှားယွင်းစွာ ပြောကြား ခြင်းဖြစ်ကြောင်းလည်း ကိုဝေဖြိုးက ပြောဆိုခဲ့သည်။
အလဲဗင်းမီဒီယာ ဂရုအနေဖြင့် အယ်ဒီတာ့အာဘော်အခန်းကဏ္ဍတွင် Asia News Network တွင် အင်္ဂလိပ် ဘာသာဖြင့် ဖော်ပြထားသည့် ဒေါက်တာသန်းထွဋ်အောင်၏ အယ်ဒီတာ့အာဘော်ကို မြန်မာဘာသာသို့ ပြန်ဆိုကာ Daily Eleven ၏ နိုဝင်ဘာ ၆ ရက်နေ့ထုတ် နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဝတ်ဆင်ထားသည့် နာရီမှာ ၎င်း၏ ဇနီးလက်ဆောင်ပေးသည့် ကျပ်သိန်း (၃၀)တန် နာရီဖြစ်ကာ ဝန်ကြီးချုပ်မဖြစ်ခင်ကပင် ဝတ်ဆင်ထားသည့် နာရီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဖြေကြားခဲ့သည်။
စာနယ်ဇင်းကောင်စီ(MPC)သို့လည်း အဆိုပါရေးသားမှုနှင့်ပတ်သက်၍ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ပေးရန် နိုဝင်ဘာ(၈)ရက်က တိုင်ကြားထားသည့်အပြင် ဥပဒေကြောင်းအရ အရေးယူမှုများဆက်လက်ပြုလုပ်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
Credit:မြစ်မခမီဒီယာ