မန္တလေးမြို့တွင် BRT ယာဉ်လိုင်း လေးလိုင်း ပြေးဆွဲရန်အတွက် စီမံချက်ရေးဆွဲနေ
09 Nov 2016 1,405 Views

မန္တလေးမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်ကြောကျပ်တည်းမှုများဖြေလျှော့နိုင်ရန် BRTယာဉ်လိုင်းလေးလိုင်း ပြေးဆွဲရန်အတွက် စီမံချက်များစတင်ရေးဆွဲနေပြီဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောပြသည်။
''မန္တလေးမြို့ဟာ နောင်ငါးနှစ်ဆိုရင် ယာဉ်ကြောကျပ်တည်းမှုတွေ ကြုံတွေ့ရပါတော့မယ်။ အခုတောင်တချို့နေရာတွေမှာ ဖြစ်နေကြပါတယ်။ နိုင်ငံတကာမှာလဲဒီစနစ်ကို ကျင့်သုံးအောင်မြင်နေကြပါပြီ။ လက်ရှိယာဉ်လိုင်းတွေက အကျိုးအမြတ်များ တဲ့လိုင်းမှာ ကားတွေများနေပါတယ်။ ခရီးသည်တွေကို လုတင်ကြပြီး ယာဉ်နှစ်ထပ်ရပ်ကြပါတယ်။ ဒီတော့ယာဉ်အန္တရာယ်တွေနဲ့ ယာဉ်ကြောကျပ်တည်းမှုတွေ ဖြစ်ပေါ်လာတော့တာပေါ့'' ဟု မြို့တော်ဝန်က ပြောပြသည်။
BRT အမြန်ယာဉ်လိုင်းစနစ်ပြေးဆွဲရန် မန္တလေးမြို့တော်၏ လက်ရှိအခြေအနေအရ ယာဉ်လမ်းအကျယ်အဝန်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှု အားနည်းချက်များသည် ယင်းစနစ်ကို အဟန့်အတားဖြစ်ပေါ်စေသကဲ့သို့ မြို့တော်ကို လေးထောင့်ပုံ တည်ဆောက်ထားသည့်အပြင် မြို့၏ဖွံ့ဖြိုးတိုးတက်မှုသည် တောင်နှင့်မြောက်တွင်ပို၍ ရှည်လျားနေခြင်း ကလည်း ထိုစနစ်ကျင့်သုံးရန် အခွင့်အလမ်းများ ဖြစ်ပေါ်လျက်ရှိသည်။
''ဒီအခွင့်အရေးပေါ်မူတည်ပြီးတော့ တောင်နဲ့မြောက်အတိုင်း လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ပြီး BRT ယာဉ်လိုင်း လေးလိုင်း ပြေးဆွဲသွားဖို့ ရွေးချယ်ထားပါတယ်။ ပြည်သူတွေ အဓိကသွားနေကြတဲ့ ဈေးတွေ၊ တက္ကသိုလ်တွေ၊ ဆေးရုံတွေ၊ ရုံးတွေ အကုန်ရောက်ပါမယ်။ ဒါ့ပြင် ဒီလိုင်းတွေမှာ စမတ်ကတ်ကိုစတင်သုံးစွဲမှာဖြစ်လို့ စမတ်ကတ်ယဉ်ကျေးမှုနဲ့ ရင်းနှီးအောင်လဲ လေ့ကျင့်ပေးရဦးမှာပါ'' ဟု မြို့တော်ဝန်က ပြောပြသည်။
အဆိုပါယာဉ်လိုင်းပြေးဆွဲသည့်နေရာများတွင် ခေတ်မီလမ်းညွှန်စနစ်များ တပ်ဆင်သွားမည်ဖြစ်ပြီး လမ်းဆုံတိုင်းတွင် Bus Stand များ ထားရှိပေးမည်ဖြစ်သည်။
''ကိုယ်သွား မယ့်ခရီးက နောက်ယာဉ်လိုင်းတစ်လိုင်းကို ပြောင်းစီးရမယ်ဆိုရင် အဲဒီယာဉ်လိုင်းက ဘယ်ချိန်မှာ ဒီနေရာကို ရောက်မလဲဆိုတာကိုပါ အသိပေးမယ့် အစီအစဉ်ကိုပါ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ဒါ့ပြင် မန္တလေးကို လာရောက် လည်ပတ်ကြမယ့် ပြည်တွင်း၊ ပြည်ပဧည့် သည်တွေအသုံးပြုနိုင်ဖို့ One Stop Samrt Card တွေ လုပ်ပေးမှာဖြစ်ပါတယ်။ လက်ရှိပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကို မီနီဘတ်စ်တွေအဖြစ် ပြောင်းလဲပေးပြီး အရှေ့နဲ့အနောက်သွားတဲ့ လမ်းကြောင်းတွေမှာ ပြေးဆွဲပေးပါမယ်'' ဟု ဆက်လက်ပြောပြသည်။
အဆိုပါ BRT ယာဉ်လိုင်းလေးလိုင်းဖြင့် မိမိသွားလိုသည့် ခရီးစဉ်များကို ချိတ်ဆက်သွားနိုင်ရန် Bus Stand များတွင် ခေတ်မီလမ်းညွှန်ဆိုင်းဘုတ်များ ချိတ်ဆွဲထားရှိပြီး ရောက်ရှိမည့်ခရီးစဉ်များကိုလည်း အသိပေးဖော်ပြထားမည်ဖြစ်ကြောင်း၊ အဆိုပါစီမံချက်များကို ရေးဆွဲပြီးဖြစ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Credit:ရတနာပုံသတင်းစာ
Photo:သရုပ်ဖော်မျှသာ