မြန်မာ့ဘောလုံးလက်ရွေးစင်အသင်းအား ဥက္ကဋ္ဌ ဦးဇော်ဇော် အားပေးစကားပြောကြား
07 Nov 2016 1,376 Views

မြန်မာနိုင်ငံက ပထမဦးဆုံးလက်ခံကျင်းပမည့် အာဆီယံချံပီယံရှစ် (ဆူဇူးကီးဖလား) ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာဘောလုံး လက်ရွေးစင် အသင်းသားများကို တိုင်းပြည်နဲ့ လူမျိုးဂုဏ်သိက္ခာ အတွက် အစွမ်းကုန်ကြိုးစားကြရန်နှင့် မြန်မာဘောလုံးလောက တိုးတက်ပြောင်းလဲ သွားပြီဖြစ်ကြောင်း ပြသကြရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်မှုများ ပြုလုပ်နေသော YTC အားကစားကွင်းတွင် လာရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်မှ အသင်းသားများအား-
" သားတို့ အစွမ်းကုန် ကြိုးစားကြဖို့ လိုပါမယ်။ ကြိုးစား လေ့ကျင့် ပေးဆပ်ခဲ့ရတာတွေ များပါပြီ။ ဒီတစ်ကြိမ်မှာတော့ အားလုံးသော ပြည်သူလူထု ပရိသတ်တွေ အတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသမျှ ပေးဆပ်ကြပါ။ ပွဲတစ်ပွဲချင်း ကစားရာမှာလည်း ညဏ်ရည် အမျှော်အမြင်နဲ့ ကစားတတ်ဖို့ လိုတယ်။ အုပ်စုတွင်း အဓိက ၃ ပွဲ ကစားရာမှာလည်း ပြိုင်ဘက် ၃ သင်းကို တိုက်ပွဲ သုံးပွဲ တိုက်ခိုက်ရသလိုပဲ သဘောထားပြီး ယှဉ်ပြိုင်ရပါမယ်။ ကွင်းထဲမှာ စစ်သူကြီး အဖြစ် အသင်းခေါင်းဆောင် ရန်အောင်ကျော် ရှိနေမယ်။ အသင်းခေါင်းဆောင်ရဲ့ ဦးဆောင်မှုကို လိုက်နာရမယ်။ ကွင်းဘေးမှာ အုပ်ချုပ်သူ ကိုသန်းတိုးအောင်၊ နည်းပြချုပ် ဂတ်ဇ်နဲ့ ကိုကြည်လွင်တို့ နည်းပြအဖွဲ့တွေ ရှိမယ်။ ကွင်းအပြင်မှာ ဥက္ကဋ္ဌတို့ အားလုံး ရှိနေမယ်။ အားလပ်တဲ့ အချိန်တွေမှာလည်း ပြိုင်ဘက်တွေရဲ့ ကစားပုံကို ခြေစမ်းပွဲတွေ ပြန်ကြည့်၊ ပြန်လေ့လာပါ။ အချိန်အနည်းငယ် ရှိတုန်း အကျိုးရှိရှိ အပြည့်အဝ အသုံးချကြပါ။ ဒီရက်ပိုင်းလေးဟာ ကစားသမားတွေနဲ့ မြန်မာ့ ဘောလုံးလောက အတွက် အရမ်း အရေးကြီးတဲ့ အချိန်ပါ။ အားလုံးသော ဘဝတွေ ပြောင်းလဲသွားဖို့ ဒီရက်ပိုင်းလေးကို အကုန်လုံး အကျိုးရှိရှိ အသုံးချကြဖို့ လိုပါတယ်။" ဟု မှာကြားသွားခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားခဲ့သည်။