ရန်ကုန်မြို့ပြင်သွား ဘတ်စ်ကားများ ခရီးသည်ထိုင်ခုံခါးပတ် မတပ်ဆင်ထားပါက အရေးယူတော့မည်
04 Nov 2016 1,352 Views

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးစီမံချက်၏ တစ်စိတ်တစ်ဒေသအဖြစ် ရန်ကုန်မြို့ကနေ မြို့ပြင်သို့ ပြေးဆွဲနေသော ဘတ်စ်ကားလိုင်းတများ အားလုံးမှာ ခရီးသည်များတွက် ထိုင်ခုံခါးပတ်တွေမပါရင် အရေးယူသွားတော့မှာဖြစ်ပါတယ်။
ပညာပေးကာလကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ထိ (တစ်လတာကာလ) သတ်မှတ်ထားပြီး ပညာပေးကာလ ကျော်လွန်သွားရင်တော့ ထိရောက်စွာ အရေးယူသွားမည်ဟု ရန်ကုန်တိုင်းယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး ဒုရဲမှူးသက်လွင် ထံမှ သိရှိရသည်။
ရန်ကုန်တိုင်းအတွင်း မြို့တွင်းပြေးဆွဲနေတဲ့ ယာဉ်လိုင်းများမှာတော့ ယာဉ်မောင်းသူ ထိုင်ခုံကိုပဲ ခါးပတ်ပါဝင်တပ်ဆင်ရမှာ ဖြစ်ပါတယ်။
“မြို့တွင်း ကားလိုင်းတွေက အရမ်းမောင်းလို့လဲမရပါဘူး၊ နောက်မတ်တတ်စီးတဲ့ သူတွေလဲရှိတယ်လေ၊ အဲဒီတော့ ယာဉ်မောင်းသူပဲခါးပတ်ပတ်ရ မယ်၊ မြို့ပြင်ကျတော့ အရှိန်နဲ့မောင်းကြတာကြောင့် မဖြစ်မနေ ခရီးသည်တွေပါ ခါးပတ် ပတ်ဖို့လိုပါတယ်” ဟု ဒုရဲမှူးသက်လွင်က ပြောပါတယ်။
မော်တော်ယာဉ်ကြီးတွေတင်မဟုတ်ပဲ တစ်နိုင်ငံလုံးမှာသွားလာနေတဲ့ မော်တော်ယာဉ်တိုင်းကို ထိုင်ခုံခါးပတ် ပတ်ဖို့အလေ့အကျင့်တွေ ပညာပေးမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းကနေ ပဲခူး၊ မှော်ဘီ၊ တိုက်ကြီး ခရမ်း၊ သုံးခွစတဲ့ မြို့ပြင်ဘက်တွေကို ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းတွေ အားလုံးခရီး သည်တင်ထိုင်ခုံခါးပတ်တွေ ပါဝင်ရမှာဖြစ်ပါတယ်။
ရန်ကုန်မြို့တွင်းရှိ မီးပွိုင့်တွေမှာ စောင့်ကြည့်ကင်မရာတွေတပ်ဆင်ထားမှာဖြစ်ပြီး လာမည့်နှစ်ဆန်းကစပြီး ယာဉ်မောင်းသူအပါအဝင် စီးနင်းကြသူတွေကိုပါ ထိုင်ခုံခါးပတ် မပတ်ရင် မှတ်တမ်းဓာတ်ပုံရိုက်ပြီး အရေးယူတော့မှာဖြစ်ပါတယ်။
တစ်နိုင်ငံလုံးမှာ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စုစုပေါင်း ၅၉ သိန်းကျော်ရှိနေတဲ့ အတွက် လက်ရှိယာဉ်ထိန်းရဲ အရေအတွက်နဲ့ဆိုရင် ယာဉ်ထိန်းရဲတစ်ဦးက မော်တော်ယာဉ် ၂၀ဝဝ ကျော်ကိုတာဝန်ယူနေရ တာဖြစ်ပါတယ်။ နောင်လာမည့်နှစ်များမှာတော့ နည်းပညာအကူအညီတွေနဲ့ ဆောင်ရွက်သွာမည်ဟု နေပြည်တော် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးက သိရှိရပါတယ်။
Credit:ကုမုန္ဒြာ