စီးပွားကျပ်တည်းအောင် လုပ်သည့်အငြိုးနှင့် လင်မယားနှစ်ဦးအား သတ်ခဲ့သူ ၇ ရက်အတွင်းဖမ်းဆီးမိ
04 Nov 2016 1,353 Views

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာဦးရပ်ကွက်တွင် လင်မယားနှစ်ဦးအား သတ်ခဲ့သည့် ပြစ်မှုကျူးလွန်သူအား (၇)ရက်အတွင်း နိုဝင်ဘာ(၂)ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာနယ်မြေ ရဲစခန်းမှ သိရှိရသည်။
လင်မယားနှစ်ဦးအားသတ်ခဲ့သူမှာ မန္တလေးမြို့မှ အသက်(၂၀)အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး၊ မူဆယ်မှ မုံရွာသို့ ပြန်လာစဉ် စစ်ကိုင်းမြို့၊ ရတနာပုံတံတားအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
“တရားခံကို နောက်ဆုံးဖမ်းလာတာက တိုင်းဒုစရိုက်နှိမ်နှင်းရေးက ဖမ်းလာတယ်။ ကျွန်တော်တို့က လိပ်စာ ပေးလိုက်တော့ လိုက်ဖမ်းပေးတယ်။” ဟု မုံရွာနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် ရဲအောင်က ပြောသည်။
ပြစ်မှုကျူးလွန်သူ၏ ထွက်ဆိုချက်တွင် သေဆုံးသူအမျိုးသားထံမှ မူးယစ်ဆေးဝါးများကိုယူ၍ မုံရွာမြို့အတွင်း ဖြန့်ဖြူးရောင်းချခဲ့ပြီး၊ သေဆုံးသူအမျိုးသမီးမှ ပြစ်မှုကျူးလွန်သူ၏ မိန်းမအား မူးယစ် ဆေးဝါးများသုံးစွဲနေသည်ဟု ရန်တိုက်ပေးသဖြင့် အဆိုပါ လင်မယားနှင့် အဆက်ဖြတ်ခဲ့ကာ အခြားအမျိုးသားတစ်ဦးထံမှ ပစ္စည်းပြောင်းယူ ဖြန့်နေစဉ်တွင်လည်း အမျိုးမျိုးတိုက်ခိုက်ခဲ့ခြင်းကြောင့် စီးပွားရေးကြပ်တည်းလာသဖြင့် အဆိုပါ လင်မယားနှစ်ဦးအပေါ်အငြိုးထားခဲ့ကြောင်း သိရသည်။
အဆိုပါ လင်မယားနှစ်ဦးအားသတ်ရန် အိမ်နောက်ဘက်မှဝင်၍ ခြံစည်းရိုးဘေးရှိ ခြုံဘုတ်ဘေးတွင် နံနက်(၅) နာရီအထိစောင့်နေခဲ့ပြီး အိမ်ရှေ့တံခါးအပေါ်ထုတ်တန်းအား စူပါကပ်ဆိုင်ကယ်ပေါ်မှတက်၍ ကန့်လန့်ကာအား ဖျက်ကာ အိမ်ထဲသို့ဝင်ရောက်၍ နာကျည်းစိတ်ဖြင့် အသင့်ပါလာသည့် အရိုးအသွားတစ်ပေခွဲခန့်ရှိ နောင်ပို အောင်ဓါးဖြင့် ခုတ်သတ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ခေါင်းရင်းကုတင်အောက်ရှိ ပိုက်ဆံအိတ်အတွင်းမှ ငွေစက္ကူရောရာ ကျပ်(၁၂)သိန်းကျော်နှင့် လက် ကောက်(၂)ကွင်း၊လက်စွပ်(၁)ကွင်း၊ ငါးပုံစံဆွဲသီး(၁)ခုတို့အားယူ၍ အဆိုပါ လင်မယားပိုင် FZ ဆိုင်ကယ်စီး၍ ထွက်ခဲ့ပြီး ဓါးနှင့်ဓါးအိမ်ကို နေအိမ်ရှိအိမ်သာကျင်းထဲသို့ ပစ်ထည့်ခဲ့ကြောင်း သိရသည်။
ကန်သာဦးရပ်ကွက်တွင် အိမ်ငှားနေထိုင်သော အသတ်ခံခဲ့ရသည့် ကနီမြို့နယ်၊ ချိုင်ရွာမှ အသက်(၃၆)နှစ်အ ရွယ် အမျိုးသားတွင် ဝဲဘက် နား၊ ပါးစပ်၊ ပါးတို့တွင် ပြတ်ရှဒဏ်ရာ၊ ယာဘက်ဇက်ပိုး၊ ပုခုံးတို့တွင် ပြတ်ရှဒဏ် ရာတို့ဖြင့် သေဆုံးနေပြီး တောင်ငူမြို့၊ မင်းကြီးညိုရပ်ကွက်မှ အသက်(၃၇)နှစ်အရွယ် အမျိုးသမီးတွင် ယာဘက် နဖူး၊ မျက်လုံးတို့တွင် ပြက်ရှဒဏ်ယာ၊လည်ပင်း၊ နောက်စေ့ ပြက်ရှဒဏ်ရာ၊ ဝဲဘက် လက်မောင်း၊ လက်ဖျံတို့ တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
အဆိုပါ အသတ်ခံခဲ့ရမှုနှင့်ပတ်သတ်၍အရေးယူပေးရန် အောက်တိုဘာလ(၂၇)ရက်တွင် မုံရွာမြို့၊ကန်သာဦး ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးအောင်လင်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မုံရွာနယ်မြေရဲစခန်း အမှုကြီး အမှတ်စဉ်(၈/၂၀၁၆)၊ (ပ) ၇၅၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ(၃၀၂)ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
အသတ်ခံခဲ့ရသည့် နေအိမ်တွင် ကျန်ရှိသည့်ပစ္စည်းများအား နှစ်ဘက်မိဘများထံ အပ်နှံလွှဲပြောင်းပေးရန်နှင့် မှုခင်းနှင့်ပတ်သက်သည့် သဲလွန်စအထောက်အထားများရရှိရေး အောက်တိုဘာလ(၂၉)ရက်၌ ထပ်မံစစ်ဆေး ရှာဖွေရာ အိပ်ခန်းအတွင်း ကုတင်ခြေရင်းမှ သွေးစွန်းထင်းပေကျံနေသော အမြင့်(၆)လက်မခန့်ရှိ “555” တံ ဆိပ်ပါ အပြာရောင်ဘူးအဖုံးဖြင့် ဖုံးအုပ်ထားသည့် အဖြူရောင်ပလတ်စတစ် လေးထောင့်ဗူးအတွင်းမှ တန်ဖိုး (၉၂၀၀၀၀)ကျပ်ရှိ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၈၄)ပြား ၊Love is Flower စာတမ်းပါ ဆပ်ပြာခွက်အတွင်း ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်အမှုန့်များ အလေးချိန်(၁၀)ဂရမ်ခန့်ရှိ တန်ဖိုးကျပ် (၁၀) သိန်း၊ Red Ruby ဆေးလိပ်ဗူးခွံ(၁)ခု၊ ရွှေဝါရောင်သတ္ထုစက္ကူလိပ်တစ်လိပ်၊ မူးယစ်ဆေးဝါးရှူရာတွင် အသုံးပြု သည့် သုံးလက်စခဲပြားစက္ကူလိပ်(၁)လိပ်၊ မြန်မာငွေစက္ကူရောရာ (၁၄၅၀၀၀)ကျပ်တို့အား သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများရောင်းချရန် လက်ဝယ်ထားရှိသူ အသတ်ခံခဲ့ရသည့် လင်မယားနှစ်ဦးအား ဥပဒေအရ အရေး ယူပေးရန် အောက်တိုဘာလ(၂၉)ရက်တွင် ရဲအုပ်ရဲအောင်မှ တရားလို/အမှုစစ်အဖြစ် ပြုလုပ်တိုင်တန်းသဖြင့် မုံရွာနယ်မြေရဲစခန်း မယ(ပ)၁၈/၂၀၁၆၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်ထားကြောင်း သိရသည်။
Credit:မြစ်မခမီဒီယာ