မောင်တောမြို့မှ နယ်ခြားစောင့်ရဲကင်းစခန်းတစ်ခု ထပ်မံတိုက်ခိုက်ခံရကာ ရဲတပ်သား ၁ ဦးကျဆုံး
04 Nov 2016 1,350 Views

နိုဝင်ဘာ (၃)ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ် အချိန်တွင် ရခိုင်ပြည်နယ်စပ်၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲကင်းစခန်းတစ်ခု လူတစ်စု၏ တိုက်ခိုက်မှုခံခဲ့ရပြီး ရဲတပ်သားတစ်ဦးကျဆုံးကာ ရဲတပ်သားအချို့ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း သတင်းရရှိသည်။
အဆိုပါ အခင်းဖြစ်ပွားရာနေရာမှာ မောင်တောမြို့၏ တောင်ဖက် ၄ မိုင်အကွာ နရူလား ကျေးရွာအနီးရှိ မကျဉ်းချောင်းဝတွင် တည်ဆောက်ထားသည့် နယ်ခြားစောင့်ရဲကင်းစခန်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“သတင်းက သေချာတယ်။ ရဲကလည်း ဟုတ်တယ်လို့ အတည်ပြုတယ်။ ရဲတစ်ဦးသေတယ်။ နှစ်ဦး ဒဏ်ရာ ရတယ်လို့သိရတယ်။ ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင်တွေကတော့ မောင်တော ဆေးရုံးကို မရောက်သေးပါဘူး။ ရခိုင်ရွာဖြစ်တဲ့ ခရေမြိုင်ကျေးရွာ အနောက်ဖက် နရူလား(ဘင်္ဂလီကျေးရွာ)အနီး မကျဉ်းချောင်းဝမှာနား တိုက်ခိုက်မူ ဖြစ်ကြတာပါ။ ခရေမြိုင်ရွာသားတွေတော့ သေနတ်သံ ကြားတယ်လို့ ဖုန်းဆက် ကြတယ်။” ဟု မောင်တောမြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးအောင်ကျော်ညွှန့်က ပြောသည်။
အဆိုပါ ရဲကင်းစခန်းမှာ ရဲတပ်ရင်း (၂၂)မှ ဖြစ်ကြောင်းသိရပြီး အကြမ်းဖက်သမားများအနည်းဆုံး (၇)ဦးမှ လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် တိုက်ခိုက်သူများ ပြန်လည်ဆုတ်ခွာ သွားပြီးဖြစ်ကြောင်းနှင့် တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များမှ ဆုတ်ခေါ်ရာနောက်သို့ လိုက်လံကာ နယ်မြေရှင်းလင်းမူများ လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။
Credit:မြစ်မခမီဒီယာ