ယာဉ်လိုင်းများ မကြာခဏ ရမ်းကားရိုက်နှက်မှု ဖြစ်ပွားခြင်းကြောင့် မ.ထ.သ မှ ကြပ်မတ်စစ်ဆေးနေ
04 Nov 2016 1,417 Views

အများပြည်သူ လမ်းမပေါ်တွင် ဥပဒေမဲ့ ရမ်းကား ရိုက်နှက်သည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ခရီးသည်တင် ယာဉ်လိုင်းများကို အထူး စစ်ဆေးကြပ်မတ်လျက် ရှိကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို)ကော်မတီထံမှ သိရသည်။
“ယာဉ်လိုင်းပိုင်ရှင်တွေကိုလည်း ယာဉ်ပေါ်မှာ တုတ်၊ ဓား၊ လက်နက် မတင်ဆောင်ရေးကို ညွှန်ကြား ထားတယ်။ လက်ရှိ ဂိတ်စထွက်ကတည်းက ဂိတ်မှူးတွေက စစ်တယ်။ ဒါအပြင် အထူးစစ်အဖွဲ့ကပါ စစ်ဆေးနေတယ်” ဟု မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီဥက္ကဋ္ဌ ဦးလှအောင်ကဆိုသည်။
ရန်ကုန်မြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်း မောင်းနှင်နေသော ခရီးသည်တင် ယာဉ်လိုင်းများတွင် ယာဉ်လုပ်သားများ ခိုက်ရန် ဖြစ်ပွားမှု ကြိုတင်ကာ ကွယ်နိုင်ရန် ယာဉ်ပေါ်တွင် အသင့် ယူဆောင်လာသော အန္တရာယ်ရှိ တုတ်ဓားများကို စစ်ဆေးကြပ်မတ်နေပြီး ယာဉ်အတွက် အမှန်တကယ် အသုံးဝင်မည့် အကူပစ္စည်းကို လွယ်လင့်တကူ ယူဆောင်နိုင်သည့်နေရာတွင် မထားရှိရန်၊ သံတုတ်၊ ဓားများ မတင်ဆောင်ရန် အသိပေးကာ တွေ့ရှိပါက ထုတ်ပယ်သည်အထိ အရေးယူကြောင်း ပြောကြားသည်။
“ဂိတ်မှာစစ်ပြီး လွှတ်လိုက်ပေမယ့် လမ်းမှာ ကောက်တင်ရင် ဂိတ်မှူးတွေကို ဘယ်လို အရေးယူမလဲ။ သိသိရဲ့နဲ့ လွှတ်လိုက်တာ ဆိုရင်တော့ သူတို့မှာ တာဝန်ရှိတယ်” ဟု အန္တရာယ်ရှိ ပစ္စည်းများ တင်ဆောင်ခြင်းနှင့် ပတ်သက်၍ ဂိတ်မှူးများကို အရေးယူမည်ဆို သောသတင်းအပေါ် ၎င်းက ပြောဆိုသည်။
စစ်ဆေးတဲ့အခါတွင် စက်အဖုံး ထောက်ရန် အသုံးပြုသည့် တုတ်၊ အင်ဂျင်ပူမှာစိုး၍ ယာဉ်အတွက် အကူ သုံးရသည့် အရာဟူ၍ ဆင်ခြေပေးမှုများရှိပြီး သတိ ပေးထားသည့်ကြားမှ တင်ဆောင်ပါက ပစ္စည်းသိမ်းကာ ယာဉ်နံပါတ်နှင့် လုပ်သား အမည်ကို မှတ်ထားကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီ စည်းကမ်း ထိန်းသိမ်းရေး ဌာနခွဲမှူး ဦးကာကျော်က ဆိုသည်။
ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အချင်းချင်း ခိုက်ရန်ဖြစ်ပွားပါက တစ်လမှ သုံးလအထိ ထုတ်ပယ်သည့် ပြစ်ဒဏ်ချမှတ်ပြီး ခရီးသည်နှင့် ဖြစ်ပွားပါက ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် အရေးယူမည်ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီထံမှ သိရသည်။
အောက်တိုဘာလ ၂၇ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့် မှတ်တိုင်အနီး အမှတ် ၁၈၇ ယာဉ် လိုင်းမှ ခရီးသည် တင်ဘီအမ်၏ ယာဉ်လုပ်သားများက တုတ်နှင့်ရိုက်၍ အမျိုးသားနှစ်ဦး ဒဏ်ရာ ရရှိခဲ့သည့်အပြင် အောက်တိုဘာလ ၂၉ ရက်တွင်လည်း သာကေတမြို့နယ်တွင် အမှတ် ၃၄ မီနီဘတ်ယာဉ်လိုင်းမှ ယာဉ် လုပ်သား သုံးဦးက တုတ်၊ ခဲများနှင့် ရိုက်နှက် ပစ်ပေါက်ခဲ့သဖြင့် အမျိုးသား တစ်ဦး၊ အမျိုးသမီး သုံးဦး နာကျင် ဒဏ်ရာများ ရရှိခဲ့သည်။
၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ အထိ ခရီးသည်တင် ယာဉ်လိုင်း၏ ယာဉ်လုပ်သား အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု ၁၆ ကြိမ်၊ ခရီးသည်တင်ယာဉ်နှင့် အခြားယာဉ် ခိုက်ရန်ဖြစ်ပွားမှု ခြောက် ကြိမ်၊ တုတ်၊ ဓားလက်နက် တင်ဆောင်ခြင်း ရှိ၊ မရှိ ကိုးကြိမ် စစ်ဆေးခဲ့ရာ ယာဉ် ၈၈၃ စီးအနက် ယာဉ် ၆၂ စီးထံမှ လက်နက်သဖွယ် အသုံးပြုနိုင်သည်ဟု ယူဆရသော ဝါး၊ သစ်သားများကို တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီထံမှ သိရသည်။
Credit:TheVoice