ဒေါ်အောင်ဆန်းစုကြည် ဒီဇိုင်းရေးဆွဲထားသည့် မှန်စားပွဲ၊ စတီခုံများ ထုတ်လုပ်ရောင်းချမည်
03 Nov 2016 1,506 Views

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီဇိုင်းရေးဆွဲထားသည့် မှန်စားပွဲ၊ စတီခုံများကို စက်မှုဝန်ကြီးဌာမှ ဖွင့်လှစ်မည့် အရောင်းဆိုင်များတွင် ရောင်းချသွားမည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှမှ သိရှိရသည်။
“အမကြီးကိုယ်တိုင်က မှန်ရဲ့အကျယ်အဝန်းနဲ့ မှန်ထားမယ့်နေရာ အမြင့်ကအစ ဒီဇိုင်းပေးတော့ ကျွန်မတို့ရဲ့ ပြည်ထောင်စုဝန်ကြီးက အမကြီးရဲ့ လိုအပ်ချက်အတိုင်း ပုံဖော်ပေးတာပေါ့နော်။ တော်တော်များများကလည်း ကြိုက်နှစ်သက်ကျပါတယ်။ အမကြီးရဲ့ ဒီဇိုင်းလည်း ဖြစ်တယ်။ လှလည်း လှတယ်။ ကြည့်တတ်တယ်လေ။ ပြောရရင်တော့ ယဉ်တာပေါ့။” ဟု စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ(၂)ရက်က ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်မှ ဒီဇိုင်း (၃) မျိုးပေးထားပြီး (၂) မျိုးမှာ ထုတ်လုပ်ပြီးဖြစ်၍ နောက်ဆုံးတစ်မျိုးဖြစ်သည့် Corner Table မှာ ထုတ်လုပ်ဆဲ အဆင့်ဖြစ်ပြီး နောက်ဆုံး ဒီဇိုင်းကို မှန်စက်ရုံမှ ဒီဇိုင်းထုတ်နေပြီဖြစ်ကြောင်း သိရသည်။
“ဈေးနှုန်းကတော့ တစ်သိန်းကျော်တွေပဲ။ ပုံစံတွေက ၂ ဆင့်၊ ၃ ဆင့် ရှိတယ်။ ပန်းထိုးတာ ရှိတယ်။ ယွန်းထိုး တာလည်း ရှိတယ်။ ရာသီဥတုကြောင့် ပွတာတို့ ကြုံ့တာတို့လည်း မဖြစ်ဘူး။ ပစ္စည်းကလှတော့ ပန်းထိုးတဲ့ အချိန်မှာ လုပ်ရတာလက်ဝင်တယ်။ ကျွန်းပေါင်းသားနဲ့ လုပ်တာ။ ကျွန်းကို တစ်လလောက် အပူချိန် ၆၀ လောက် ထားရတယ်။ မှန်ကလည်း ကောင်းတဲ့အတွက် တော်ရုံတန်ရုံ ပစ္စည်း ပြုတ်ကျလည်း မကွဲပါဘူး။” ဟု စက်မှုဝန်ကြီးဌာန၊ နည်းပညာဖွံ့ဖြိုးရေးဌာနမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးဇော်လင်းထွန်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဒီဇိုင်းဆွဲထားသည့် ပုံစံများကို မြို့ကြီးများရှိ စက်မှုဝန်ကြီးဌာန အရောင်းဆိုင်များတွင် ရောင်းချသွားမှာဖြစ်ပြီး နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စက်မှုဝန်ကြီးဌာနပြပွဲတွင် ယင်းတို့ကို ပြသခဲ့ရာ နိုင်ငံတော် အတိုင်ပင်ခံ၏ ဒီဇိုင်းဖြစ်သည့် စက်တီစားပွဲများမှာ အော်ဒါမှာသူ များပြားခဲ့ကြောင်း စက်မှု ဝန်ကြီးဌာနမှ သိရသည်။
Credit:မြစ်မခမီဒီယာ