ကွန်တိန်နာယာဉ်များ ညပိုင်းသီးသန့်ပြေးဆွဲမည့်ရက် ရွေ့ဆိုင်း
02 Nov 2016 1,372 Views

ရန်ကုန်မြို့တော်တွင် နိုဝင်ဘာ ၁ ရက်နေ့မှစ၍ ကွန်တိန်နာယာဉ်များကို ည၈နာရီမှ မနက်၅နာရီအတွင်းပြေးဆွဲရန် စီစဉ်ခဲ့သော်လည်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် လုပ်ငန်းစရန် အဆင်သင့်မဖြစ်သေးသောကြောင့် ပြေးဆွဲမည့် အစီအစဉ်ကို နိုဝင်ဘာ ၁၅ ရက်နေ့သို့ ပြောင်းရွေ့လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။
“ရက်ရွေ့လိုက်တာမှန်ပါတယ်။ကျွန်တော်တို့ လုပ်ငန်းစဉ်လုပ်စရာတွေမပြီးပြတ်သေးတာတွေကျန်နေလို့ပါ” ဟု ၎င်းက ရှင်းလင်းပြောကြားသည်။
ယင်းကဲ့သို့ ပြောင်းရွေ့လိုက်ရခြင်းမှာအစိုးရဌာနများအနေဖြင့် ညှိနှိုင်းဆွေးနွေးစရာများကျန်ရှိနေသေးသည့် အပြင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အနေဖြင့် ပြည်ပခရီးစဉ်များရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ ကွန်တိန်နာများကို ညဘက်သီးသန့် ပြေးဆွဲခိုင်းမည့် အပြင် သီရီမင်္ဂလာဈေးနှင့် စံပြဈေးများတွင် ကွန်တိန်နာများ လမ်းပိတ်၍ စည်းကမ်းမဲ့ ပြုလုပ်ပါက အရေးယူသွားမည်ဟု တိုင်းအစိုးရအဖွဲ့မှ ပြောဆိုထားကြောင်း ရေထွက်ပို့ကုန်လုပ်ငန်းရှင် ဦးမျိုးညွှန့်က ပြောဆိုသည်။
လက်ရှိတွင် မြို့တွင်းကားလမ်းကျပ်မှုကိုဖြေရှင်းမည်ဖြစ်သောကြောင့် ညဘက်သီးသန့် ပြေးဆွဲခိုင်းခြင်းဖြစ်ပြီး ကားလမ်းမကျပ်သည့် မြို့ပြင်လမ်းများကိုနေ့ရောညပါ ပြေးဆွဲခိုင်းသည်ဟုလုပ်ငန်းရှင်များကတင်ပြသောကြောင့် တိုင်းအစိုးရအဖွဲ့အနေဖြင့် လမ်းအားလုံးကို ပိတ်မည်မဟုတ်ဘဲ ယာဉ်ကြောမကျပ်သည့် လမ်းများကို ကွန်တိန်နာယာဉ်များအားနေရောညပါ မောင်းခွင့်ပေးနိုင်သည်ဟုထင်မြင်မိကြောင်း ၎င်းကဆိုသည်။
Credit:TheVoice