BEC-TERO TV

လက်ထပ်ခွင့်တောင်းရာ ငြင်းပယ်ခံရသဖြင့် ချစ်သူကိုသတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့

01 Nov 2016     1,368 Views


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် လက်ထပ်ရန် တောင်းဆိုရာမှာ မိန်းကလေးမှ ငြင်းပယ်သဖြင့် မိန်းကလေး အား ဓါးဖြင့်ထိုးသတ်ခဲ့ပြီးနောက် မိမိကိုယ်ကိုပါ ဓါးဖြင့်ပြန်လည်ထိုးသတ်ကာ အဆုံးစီရင်မှု တစ်ခု ကျောက်ဖြူမြို့တွင် အောက်တိုဘာလ(၃၁)ရက်က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
 
ဓါးဖြင့်အထိုးခံခဲ့ရပြီး သေဆုံးသွားခဲ့သူ မိန်းကလေး မမေဆုထွန်း(၂၈)နှစ်မှာ အောက်တိုဘာ(၃၁)ရက် နံနက် (၈:၃၀) နာရီအချိန်တွင် ကညင်တောကျေးရွာ နေအိမ်မှ ဘဏ်သို့ထွက်သွားပြီးနောက် ရည်းစားဖြစ်သူ ရခိုင်ပိုက်ဆိုက်ရပ်ကွက်)၊ ကျောက်ဖြူမြို့နေ ထွန်းမင်းဇာ(၂၇)နှစ်မှ ကညင်တော အလယ်တန်းကျောင်းခွဲ ရှေ့တွင် စောင့်ဆိုင်ပြီး အသင့်ပါလာသည့် အရိုးအသွား(၆)လက်မခန့်ရှည်သော ဓါးဖြင့်ရင်အုပ်၊ ဝမ်းဗိုက်နှင့် ကိုယ်ခန္ဓာအား (၉)ချက်တိတိ ထိုးပြီးနောက် မိမိကိုယ်ကိုပါ ရင်အုပ်တွင် တစ်ချက်၊ ဝမ်းဗိုက် တွင် (၂)ချက်ထိုးသွင်းပြီး အဆုံးစီရင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့မရဲစခန်း၏ မှုခင်းမှတ်တမ်း များအရ သိရသည်။
 
မိန်းကလေးရော ယောက်ျားလေးပါဆေးရုံမှာ သေဆုံးသွားပါပြီ။ စခန်းမှာတော့ သေဆုံးသူ မိန်းကလေးဖက်ရော ယောက်ျားလေးဖက်ရော အပြန်အလှန် အမှုဖွင့်ဖို့ လုပ်နေကြပါတယ်။” ဟု ကျောက်ဖြူမြို့မရဲစခန်းမှ နယ် ထိန်းခေါင်းဆောင်း ရဲအုပ်ရဲထွန်းက ပြောသည်။
 
သေဆုံးသွားသူနှစ်ဦးမှာ နှစ်ဦးသဘောတူ ချစ်ကြိုက်နေကြသည်မှာ (၃)နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး ယောက်ျားလေးမိဘများမှ သဘောမတူသဖြင့် မိန်းကလေးနှင့် နီးစပ်မည်စိုးသောကြောင့် နယ်ကို ပို့ဆောင်ထားရာမှ ပြန်လာရာတွင် မိန်းကလေးအား အကြိမ်ကြိမ် လက်ထပ်ခွင့်တောင်းရာမှ မိန်းကလေးမှ ငြင်းပယ်သဖြင့် စိတ်မထိန်းနိုင်ဖြစ်ကာ အဆုံးစီရင်လိုက်ခြင်းဖြစ်ကြောင်း တရားခံ သေဆုံးသူ ထွန်းမင်းဇာနှင့် နီးစပ်သူ သူငယ်ချင်း မိတ်ဆွေများက ထင်ကြေးပေးပြောပြချက်များအရ သိရသည်။
 
အဆိုပါအမှုအား သေဆုံးသူ မိန်းကလေး မမေဆုထွန်း၏ အစ်မခင်မိုးမိုးဆွေ(အလယ်တန်းပြကျောင်းဆရာမ)မှ တရားလိုပြုလုပ်တိုင်တန်းပြီး ကျောက်ဖြူမြို့မ ရဲစခန်မှ (ပ)အမှတ်ရ၀၆/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ-၃၀၂ အရ အမှုဖွင့်လှစ်ပြီး ကျောက်ဖြူမြို့မရဲစခန်မှူး ရဲအုပ်ကျော်နီထွန်းမှ အမှုအား ဆက်လက်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ကျောက်ဖြူမြို့မ ရဲစခန်းမှ သိရသည်။
 
Credit:မြစ်မခမီဒီယာ
 

01 Nov 2016     1,368 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS