စမ်းချောင်းမြို့နယ်ထဲက ကားပစ္စည်းဆိုင်တစ်ခုရဲ့ ရမ်းကားမှု
01 Nov 2016 1,375 Views
အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲအချိန်တွင် စမ်းချောင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသော ကားပစ္စည်းဆိုင်တစ်ဆိုင် ရှေ့တွင် ရပ်နားထားခဲ့သော မော်တော်ယာဉ်ကို ခြိမ်းခြောက်ဖယ်ခိုင်းပြီးနောက် မော်တော်ယာဉ်အား ဖျက်ဆီးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် လူသိများခဲ့သည်။

ဖြစ်စဉ်မှာ ရခိုင်အမျိုးသားကွန်ယက် အစည်းဝေးသို့ တက်ရောက်လာသော ဒေါက်တာကျော်ကျော်အောင် က သူ၏မော်တော်ယာဉ် (အေဒီဗင် အမှတ် 7D-2144) ကို ကျွန်းတောလမ်းနှင့် ဦးညိုလမ်းထိပ်ရှိ “ဝင်းမိသားစု” ကားအလှဆင်ပစ္စည်းဆိုင်အနီး စည်ပင်နယ်နိမိတ်တွင် ရပ်တန့်ထားခဲ့ရာ အဆိုပါ ကားပစ္စည်းဆိုင်မှ ကားကို ဖယ်ရှာမပေးပါက ကားမှန်ရိုက်ခွဲမည်ဟု ခြိမ်းခြောက်ကာ ကားကိုဖယ်ရှားခိုင်းခဲ့သည်။ ထိုနောက် ကားပစ္စည်းဆိုင်မှ အလုပ်သမားများက ကားမှန်ကို ရိုက်ခွဲပြီး ကားအားဖျက်ဆီးခဲ့သည်။
စည်ပင်နယ်နိမိတ်အတွင်း ယာဉ်ရပ်နားထားခြင်းကို ခြိမ်းခြောက်ဖယ်ရှားခိုင်းပြီး ယာဉ်ကို ဖျက်ဆီးခဲ့သည့် “ဝင်းမိသားစု” ကားပစ္စည်းဆိုင်ပိုင်ရှင် အမျိုးသမီးနှင့်တကွအလုပ်သမားအချို့အား စမ်းချောင်းမြို့နယ်ရဲစခန်း၌ [အမှုအမှတ်- ပ/ ၃၈၇၊ ပုဒ်မ(၂၉၄)၊(၄၂၇)၊(၅၀၆)၊(၁၁၄)] တို့ဖြင့် ဒေါက်တာကျော်ကျော်အောင်မှ တရားလိုအဖြစ် အမှုဖွင့်ထားကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ရခိုင်အမျိုးသားကွန်ရက်အနေဖြင့်လည်း မင်းမဲ့စရိုက်ဆန်စွာ၊ ပြည်သူ့အသက်အန္တရာယ်ကိုခြိမ်းခြောက်ပြီး တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်နေသည့်အတွက် သင့်တော်သလိုဆက်လက်ကာ ဥပဒေကြောင်းအရ ကျန်တိုင်းရင်းသားအင်အားစုများနှင့် ညှိနှိုင်း အရေးယူဆောင်ရွက်သွားပါမည်ဟု ရခိုင်အမျိုးသားကွန်ယက် လူမှုစာမျက်နှာပေါ်တွင် အသိပေးကြေညာထားခဲ့သည်။