လူသတ်ပြီး ဖျောက်ဖျက်ထားသော အလောင်းထုတ်ကြီး သလပ်ခွာချောင်းအတွင်း မျောပါလာ
31 Oct 2016 1,557 Views

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ သလပ်ခွါကျေးရွာအတွင်း လူသတ်၍ ပီနံအိတ်ထဲထည့်ကာ အလောင်းဖျောက်ဖျက်ခဲ့သည့်အမှုမှ တရားခံဆိုသူအား ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့က ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က လွှစင်ကုန်းကျေးရွာချောင်းအတွင်းရှိ ငုပင်နှင့်ချိတ်နေသည့် နှစ်တင်းဝင်ပီနံအိတ် ၂ လုံးအား ဦးခေါင်းနှင့်ခြေထောက်တို့မှ စွပ်ထားပြီး ပူလီကြိုးအဟောင်းဖြင့် ခါးလည်မှပတ်ချီထားသော ပြတ်ရှဒါဏ်ရာများဖြင့် အလောင်းတစ်လောင်းကို တွေ့ရှိရာမှ ဆက်လက်စုံစမ်းစစ်ဆေးခဲ့ရာ တရားခံဆိုသူအား အောက်တိုဘာလ ၃၀ ရက်နေ့လည် ၁၂ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
“သေဆုံးသူက လယ်စာရင်းငှားလုပ်တဲ့ ဦးကြီးနန်းဆိုသူဖြစ်ကြောင်းသိရတော့ သူနေတဲ့တဲ ပါတ်ဝန်း ကျင်စုံစမ်းကြည့်တဲ့အခါ တဲနားမှာပဲနေတဲ့ မိန်းကလေးတစ်ယောက် အဝင်အထွက် ရှိတယ်ဆိုတာ သိရလို့ ခေါ်ယူစစ်ဆေးရင်း သေဆုံးသူက အဲ့မိန်းကလေးကိုခိုးပြေးမယ်ပြောမိတယ်၊ အဲ့ဒါကို မိန်းကလေးက သူယောက်ျားကို ပြန်ပြောတော့ ယောက်ျားကဒေါသထွက်ပြီး သတ်ခဲ့တယ်ဆိုတာ ပေါ်ပေါက်ခဲ့တာပါ” ဟု ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသောင်းကြည်က ပြောသည်။
ဖြစ်စဉ်မှာ ပုသိမ်မြို့နယ်၊ သလပ်ခွာကျေးရွာတွင် တံငါလုပ်ငန်း လုပ်ကိုင်သူ ဦးသိန်းလွင်မှ သလပ်ခွာချောင်း အတွင်း ငါးဖမ်းနေစဉ် ချောင်းထဲတွင်မျောနေသည့် မသင်္ကာဖွယ်ရာ ပီနံအိတ်ထုပ်တစ်ထုပ် တွေ့ရှိရသည့် အတွက် သလပ်ခွာနယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့သဖြင့် သလပ်ခွာရဲစခန်းမှ သက်သေများအတူ လိုက်လံရှာဖွေရာ လွှစင်ကုန်းချောင်းအတွင်းရှိ ငုပင်တွင်ချိတ်နေသည့် ၂ တင်းဝင် ပီနံအိတ် ၂ လုံးအား ဦးခေါင်းနှင့် ခြေထောက်တွင် စွပ်ထားပြီး ပူလီကြိုးအဟောင်းဖြင့် ခါးလည်မှပတ်ချည်ထားသောအလောင်း တလောင်းကို ရဲတပ်ဖွဲ့မှ ယမန်နေ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှုအား ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ သေဆုံးသူမှာ ဦးကြီးနန်း (ခေါ်) ဦးခင်ထွေး (အသက် ၄၉ နှစ်) ဖြစ်ပြီး သလပ်ခွာကျေးရွာနှင့် ၃ မိုင်အကွာ လယ်ကွင်းထဲတွင် စာရင်းငှားလုပ်ကိုင်သူ ဖြစ်ကြောင်း ပေါ်ပေါက်ပြီး လူသတ်တရားခံအား စုံစမ်းဖော်ထုတ်ခဲ့ရာ လူသတ်တရားခံအဖြစ် သံသယရှိသူ စောလွယ်လှထူး (၂၅ နှစ်) ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
သေဆုံးသူ ဦးကြီးနန်း (ခေါ်) ဦးခင်ထွေး၏ အလောင်းတွင် ဦးခေါင်းဝဲဘက်ချိုစောင်းတွင် ၄ လက်မခန့် ပြတ်ရှ ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ဂုတ်ပိုး ပြတ်ရှဒဏ်ရာ ၁ ချက်နှင့် နောက်ဘက် ဂုတ်ပိုး ၁ လက်မန့် ပြတ်ရှဒဏ်ရာ စသဖြင့် ဒဏ်ရာ ၄ ချက်တွေ့ရှိရကြောင်း စစ်ဆေးပေါ်ပေါက်ချက်များအရ သိရသည်။
သေဆုံးသူ ဦးကြီးနန်း (ခ) ဦးခင်ထွေး၏ ညီဝမ်းကွဲတော်စပ်သူ ဦးစိုးဝင်းမှ တရားလိုပြုလုပ် တိုင်ကြားခဲ့ရာ သလပ်ခွာရဲစခန်းက ပ – ၅၈/၂၀၁၆၊ ရာဇဝတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု)၊ ပုဒ်မ ၂၀၁ (အလောင်း ဖျောက်ဖျက်မှု) တို့ဖြင့် စောလွယ်ဖိုးထူးကို အမှုဖွင့်ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
Credit:မြစ်မခမီဒီယာ