ဂျပန်ပညာရှင်များအကူအညီဖြင့် လှည်းတန်းလမ်းဆုံ ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းမည်
31 Oct 2016 1,360 Views

လှည်းတန်းခုံးကျော်တံတား ကို ကျပ် ၁၁ ဘီလီယံအကုန်အကျခံ တည်ဆောက်ခဲ့သော်လည်း လက်ရှိအချိန်အထိ ယာဉ်ကြောကျပ်တည်းမှုများ ဆက်လက်ဖြစ်ပေါ်နေ၍ ဖြေရှင်းပေးရန် အစီအစဉ်ရှိ၊ မရှိ ကမာရွတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက အောက်တိုဘာ ၂၈ ရက် တိုင်း ဒေသကြီးလွှတ်တော်၌ မေးမြန်းခဲ့မှုကို ဂျပန်ပညာရှင်များ၏ အကူအညီနှင့် ရှေးပြေးစီမံချက်များ ဆောင်ရွက်ကာ ယာဉ်ကျောကျပ်တည်းမှုပြဿနာများကို ဖြေရှင်းပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ဖြေကြားခဲ့သည်။
ရန်ကုန်တိုင်းအတွင်းရှိ လမ်းဆုံမီးပွိုင့်များတွင် ယာဉ်ကျောပိတ်ဆို့မှုပြဿနာများကို ဖြေရှင်းရန် အလိုလျောက်ထိန်းချုပ်ပေးမည့် မီးပွိုင့်စနစ်များကို တပ်ဆင်ပေးရန် လုပ်ဆောင်ပေးလျက်ရှိပြီး မီးပွိုင့်ထိန်းချုပ်ရေးစင်တာများလည်း ယခုနှစ်မကုန်မီ ပြီးစီးအောင် တည်ဆောက်လျက်ရှိသည်။ လှည်းတန်းမီးပွိုင့်ပိတ်ဆို့မှု အခြေနေကို ဂျပန်ပညာရှင်များနှင့် လေ့လာသုံးသပ်လျက်ရှိကြောင်း သိရှိရသည်။
လှည်းတန်းလမ်းဆုံသည် လမ်းငါးသွယ်ဆုံနေရာတစ်ခုဖြစ်ပြီး ယာဉ်ကြောကျပ်တည်းမှုမှာ ငါးလမ်း စလုံးနီးပါး၌ နေ့စဉ်လိုလိုဖြစ်ပေါ် နေခြင်းဖြစ်သည်ဟု လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်းက ပြောသည်။ လမ်းပိတ်ဆို့ရသည့် အကြောင်းရင်းမှာ လိုင်းကားများ စည်းကမ်းမဲ့စွာ ခရီးသည်အတင် အချပြုလုပ်ခြင်း၊ ယာဉ်မရပ်ရန် တားမြစ်ထားသောနေရာများတွင် ကားများ စည်းကမ်းမဲ့စွာ ရပ်နား ခြင်း၊ ဈေးသည်များ လမ်းမပေါ် တွင် ဆိုင်ခင်းရောင်းချခြင်းများ ကြောင့်ဖြစ်သည်ဟု ဆိုသည်။
ကမာရွတ်မြို့နယ်ရှိ လှည်း တန်းလမ်းဆုံမီးပွိုင့်သည် ယခင် ကတည်းက ရန်ကုန်မြို့၌ ယာဉ်ကြောကျပ်တည်းမှု အများဆုံး လမ်းဆုံတစ်ခုဖြစ်သည်။ ယခင်အစိုးရလက်ထက်က ယင်းလမ်းဆုံကို ခုံးကျော်တံတား တစ်စင်းတည်ဆောက်၍ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း ယခုအချိန်ထိ အင်းစိန်လမ်း၊ လှည်းတန်းလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်း တို့တွင် ယာဉ်ကြောကျပ်တည်းမှု ဆက်လက် ဖြစ်ပေါ်နေသည်ဟု ခရီးသွားများက ဆိုသည်။
Ref:မိုးမင်းငြိမ်းချမ်း