BEC-TERO TV

ရန်ကုန်မြို့နယ်အချို့တွင် ဆိုင်ကယ်စီးခွင့်ပြုရေးအဆို လွှတ်တော်တွင်အနိုင်ရရှိ

28 Oct 2016     1,515 Views


ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ဆိုင်ကယ် အားလုံးလိုအပ်တဲ့ ဒေသန္တရအမိန့်ထုတ်ပြန်ပြီး စည်းကမ်းတကျစီးနင်းခွင့်ပြုရေးအဆိုကို     လွှတ်တော်မှာ ကန့်ကွက်သူရှိပေမဲ့ မဲခွဲဆုံးဖြတ်ပြီး အဆိုအနိုင်ရရှိပါတယ်။
 
မော်တော်ဆိုင်ကယ်တွေကို ဒေသန္တရအမိန့်ထုတ်ပေးပြီး စနစ်တကျစီးနင်းခွင့်ပြုဖို့   ဒဂုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။
 
သည်အဆိုကို လွှတ်တော်ကိုယ်စားလှယ်ကိုးဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီးလွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကကန့်ကွက်ကြပါတယ်။
 
အဆိုရှင် ဦးကျော်ဇေယျက ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ ဖြစ်စေချင်ပါတယ်၊   မြို့ထဲမှာလဲ စီးခွင့်တောင်းတာမဟုတ်ပါဘူး၊ နေရာသတ်မှတ်ပေးဖို့ပါ၊ ဆိုင်ကယ်မစီးရ   ဆိုင်းဘုတ်ကြီးတွေထောင်ပြီး ဆိုင်ကယ်စီးတဲ့သူက ဆိုင်းဘုတ်ကိုကွမ်းတံတွေးနဲ့   ထွေးလိုက် ရေသန့်ဘူးနဲ့ပိတ်ပေါက်လိုက်နဲ့ ဒီလိုအဖြစ်တွေကရင်နာဖို့ကောင်းပါတယ်လို့   ပြောပါတယ်။
 
လိုအပ်သလိုပါပါတယ်။ မင်္ဂလာဒုံမြို့နယ်ဆို ခရေပင်လမ်းခွဲလောက်၊ ဒေါပုံ၊ သာကေတ ဆိုရင်လည်း ရှုခင်းသာအထိ၊ ရွှေပြည်သာဆိုရင်လည်း အင်းစိန်ခုံးတံတားလမ်းခွဲအထိ   သည်လိုနယ် မြေလေးတွေသတ်မှတ်ပြီး စီးခွင့်ပြုဖို့ဆန္ဒပြုတာပါ။ သည်အဆိုနဲ့ပတ် သက်ပြီးတော့လည်း လွှတ်တော်ရဲ့အဆုံးအဖြတ်ကိုခံယူမယ်လို့ ဦးကျော်ဇေယျက   ဆက်လက်ပြောကြားပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက   ‘ဆိုင်ကယ်ဖမ်းဆီးတာတွေနဲ့ပတ်သက်ပြီး အခကြေးငွေယူပြီး ပြန်လွှတ်တာတွေလဲ   ရှိပါတယ်၊ ဒါနဲ့ပတ်သက်ပြီး ဒဂုံဆိပ်ကမ်းက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလဲ    ဖုန်းဆက်ဖူးပါတယ်၊ ကျွန်တော်တို့ဆီမှာ စည်းကမ်းထုတ်တဲ့အခါမှာ သေသေချာချာ လေးကြည့်ရပါတယ်၊ ကျွန်တော်တို့က စည်းကမ်းကောင်းဖို့ထုတ်လိုက်ပေမဲ့လဲ   အောက်ခြေမှာ ဂွင်ဖြစ်ဖြစ်သွားတာတွေ့ရတယ်လို့ ပြောပါတယ်။
 
ကယ်ရီလိုင်စင် မရနိုင်
 
မော်တော်ဆိုင်ကယ်တွေကို တရားဝင်ကယ်ရီလိုင်စင်ချပေးဖို့တောင်းဆိုတာတွေ လည်းရှိပါတယ်။ ပြည်ထောင်စုအစိုးရက ဆိုင်ကယ်ကို အငှားယာဉ်လုပ်လို့မရဘူးလို့   ပြဋ္ဌာန်းထားတာဖြစ်လို့ တိုင်းဒေသကြီးအစိုးရအနေနဲ့ ပြောင်းလဲလို့မရဘူးလို့သိရပါတယ်။
 
သည်ဆိုင်ကယ်တွေကို ဒေသန္တရအမိန့်ထုတ်ပြီး ဆောင်ရွက်ဖို့ သည် လ ၂၅ ရက်နေ့က   ကျင်းပတဲ့ လွှတ်တော်မှာမဲပုံးခြောက်ခုနဲ့ မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ ၆၆ မဲ၊ ကန့် ကွက်မဲ   ၃၉ မဲ၊ ပျက်ကွက် တစ်မဲနဲ့ လွှတ်တော်ကိုယ်စား လှယ် ဦးကျော်ဇေယျရဲ့အဆို   အနိုင်ရရှိပါတယ်။
 
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းမှာရှိတဲ့ မြို့သစ် တွေဖြစ်တဲ့ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊  ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံ (ဆိပ်ကမ်း) စတဲ့မြို့သစ် တွေနဲ့ ဆင်ခြေဖုံးမြို့ နယ်တွေဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ်တို့မှာ မော်တော်ဆိုင်ကယ်စီးနင်းခွင့်ပြုဖို့ရှိတယ်လို့    လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ဆီကသိရပါ တယ်။
 
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ် စီးနင်းတာကို အမိန့်ညွှန်ကြားချက်ထုတ်ပြီး ပိတ်ပင်ထားတာဖြစ်ပါတယ်။
 
ဥပဒေကဲ့သို့ အမိန့်ထုတ်ထားပေမဲ့မော်တော်ဆိုင်ကယ်တွေစီးနင်းနေကြပြီး ရွှေပြည် သာတစ်မြို့နယ်တည်းကို မော်တော်ဆိုင်ကယ်စီးရေ ၁၀,ဝဝဝ နီးပါးရှိနေတယ်လို့သိရ ပါတယ်။
 
ရွှေပြည်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက စီးနင်းခွင့်မရှိဘဲ     စီးနင်းမယ့်အတူတူ အခွန်ဘဏ္ဍာငွေလဲတိုးပြီးရမယ်၊ ပြည်သူသွားရေးလာရေးလဲ   လွယ်ကူမယ်၊ နယ်မြေဒေသအလိုက် သတ်သတ်မှတ်မှတ်လိုင်စင်ထုတ်ပေးလိုက်တဲ့ အခါကျတော့ ခိုးဆိုးလုနှိုက်တဲ့သူတွေလဲ ဆိုင်ကယ်နံပါတ်ကြည့်လိုက်တာနဲ့   ဘယ်မြို့နယ်က ဆိုင်ကယ်ဆိုတာတန်းသိမယ်လို့ပြောပါတယ်။
 
မြို့သစ်တွေနဲ့ ဆင်ခြေဖုံးမြို့နယ်တွေက ဘတ်စ်ကားလိုင်းမရောက်တဲ့နေရာတွေရှိနေပြီး   မြို့နယ်ကျယ်ကြီးတွေဖြစ်ပါတယ်။ သည်မြို့တွေက နေထိုင်သူဦးရေများပြားပါတယ်။
 
လှိုင်သာယာမြို့နယ်မှာ လူဦးရေခုနစ်သိန်းနဲ့ ရွှေပြည်သာမြို့နယ်က နေထိုင်သူလူဦးရေ   လေးသိန်းလောက်နေထိုင်တဲ့မြို့ ဖြစ်ပါတယ်။
 
ဝန်ကြီးဒေါ်နီလာကျော်က ကျွန်မတို့ ဒီလိုလွယ်လွယ် နယ်နိမိတ်သတ်မှတ်တာတွေကို   တစ်ချိန်က လုပ်ခဲ့တုန်းကစည်ပင်နယ်နိမိတ်တွင်းမစီးရ၊ ဒါမျိုးပြောလို့ မရပါဘူး၊   သေသေချာချာ လေ့လာဆန်းစစ်ပြီးတော့ နယ်နိမိတ်တွေ ပြန်လည်သတ်မှတ်နေတာ ဖြစ်ပါတယ်၊ မည်သည့်နယ်နိမိတ်အတွင်း စီးနင်းခွင့်ပြုမည်၊ မည်သည့်နယ်နိမိတ်အတွင်း   စီးနင်းခွင့်မပြုဘူး၊ အဲဒီလိုနယ်နိမိတ်တွေကို ပြန်လည်သတ်မှတ်နေပါတယ်၊ အဲဒီလို သတ်မှတ်ပြီးလို့ စီးနင်းခွင့်ပြုရင်လဲ ယာဉ်လိုင်စင်၊ လူလိုင်စင်ရှိရပါမယ်၊   ဥပဒေနဲ့ညီညွတ် စွာအသုံးပြုရပါမယ်၊ ဥပဒေကို ချိုးဖောက်ရင်တော့ ထိရောက်စွာအရေးယူမယ်လို့   ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာဖြေကြားပါတယ်။
 
ဘယ်အချိန်မှာ စီးနင်းခွင့်ပြုမလဲဆိုတာကိုတော့ ဝန်ကြီးဒေါ်နီလာကျော်က အတိအကျမဖြေကြားခဲ့ခြင်းမရှိပါဘူး။
 
Credit:ကုမုန္ဒြာ

28 Oct 2016     1,515 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS