ပန်းချီထိန်လင်း၏ ရွှေဝါဆပ်ပြာတုံးများဖြင့် ဖန်တီးထားသည့် မြန်မာမြေပုံ စင်ကာပူတွင်ပြသ
26 Oct 2016 1,653 Views

ရွှေဝါဆပ်ပြာတုံးတွေနဲ့ ဖန်တီးထားတဲ့ မြန်မာနိုင်ငံမြေပုံ အင်စတော်လေးရှင်း အနုပညာလက်ရာကို စင်ကာပူနိုင်ငံ ဘီယဲနေးလ်အနုပညာပြပွဲမှာ ပြသနေပါတယ်။ ဒီအနုပညာပြပွဲကို အောက်တိုဘာလ ၂၅ ရက်နေ့က စတင်ပြီး ပြသနေတာဖြစ်ပြီး ဒါဟာ ၅ ကြိမ်မြောက်ကျင်းပတာ ဖြစ်ပါတယ်။ ဒီပြကွက်ကို Soap Block လို့ အမည်ပေးထားပြီး ပန်းပုထွင်းထုထားကာ ရွှေဝါဆပ်ပြာတုံးပေါင်း ၁၃၀၀ ကျော်နဲ့ မြန်မာနိုင်ငံမြေပုံသဏ္ဌာန် ဖန်တီးထားတာပါ။ စင်ကာပူအခြေစိုက် သည်စထရိတ်တိုင်းမ်သတင်းမှာတော့ ဒီအင်စတော်လေးရှင်း အနုပညာဟာ မြန်မာနိုင်ငံရဲ့ ၁၉၉၀ ပြည့်နှစ်တွေက အခြေအနေတခုကို ပြောပြနေတယ်လို့ ဖော်ပြထားပါတယ်။
ပန်းချီထိန်လင်းဟာ ကျောင်းသားလှုပ်ရှားမှုတွေမှာပါဝင်ခဲ့လို့ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ အကျဉ်းချခံခဲ့ရတာပါ။ သူဟာ ထောင်တွင်းမှာ ရှိနေချိန်မှာ လေးဖက်လေးတန်နံရံအတွင်းမှာ ပိတ်မိနေခဲ့တဲ့ လူပုံသရုပ်ဖော်ချက်ကို ထောင်တွင်းအသုံးပြုရတဲ့ ရွှေဝါဆပ်ပြာတုံးကို အသုံးပြုပြီး ဖန်တီးခဲ့တာပါ။ အခုပြသနေတဲ့ အင်စတော်လေးရှင်းအနုပညာလက်ရာကတော့ ထောင်တွင်းမှာ သူဖန်တီးခဲ့တဲ့ ရွှေဝါဆပ်ပြာတုံးပုံစံတူတွေကို ကြမ်းပြင်ပေါ်နေရာချကာ မြန်မာနိုင်ငံမြေပုံ ပုံသဏ္ဌာန် ဖန်တီးထားခဲ့တာပါ။
Soure : burmese.dvb.no/