NLD လွှတ်တော်အမတ် အချင်းချင်း အသရေဖျက် လိမ်လည်မှုဖြင့် အမှုဖွင့်
26 Oct 2016 1,407 Views

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက တရားလိုပြုလုပ် ကာ မအူပင်မဲဆန္ဒနယ် (၂) တိုင်းဒေသကြီးကိုယ်စာလှယ် ဦးသက်ကိုလေး အပါအဝင် လေးဦးကို အောက်တိုဘာ ၂၂ ရက်နေ့က အသရေဖျက်မှု၊ လိမ်လည်မှုများဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။
ဦးစိန်ဝင်းလက်မှတ်ရေးထိုးထားသည့် “လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူ များနစ်နာမှု မရှိစေရေးအတွက် ဖြေရှင်းဆောင်ရွက်ရမည့် ဆွေးနွေးလမ်းညွန်ချက်များ” စာအုပ်မျက်နှာဖုံးတွင် ဒေါက်တာမြင့်စိန်က စာသားများ ဖြတ်ညှပ်ကပ်ပြုလုပ်ကာ ပြည်သူထံ ဖြန့်ဝေ ခဲ့ခြင်းဖြစ်သည့်အတွက် ဂုဏ်သိက္ခာငြိုးနွမ်းအောင်ပြုလုပ်သည့်ဟူသော စွဲချက်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက အော့ချက်(ဒ်) (Orchard) ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာမြင့်စိန်၊ NLD လွှတ်တော်ကိုယ်စားလှယ် ဦးသက်ကိုလေး၊ မောင်မောင်နှင့် စည်သူအောင် ဆိုသူတို့ကို အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာမြင့်စိန်ကို အဓိကအမှုဖွင့် တိုင်ကြားခြင်းဖြစ်ပြီး အခြားကိုယ်စားလှယ်များမှာလည်း ပါဝင်ပက်သက်မှုရှိခဲ့တဲ့အတွက် အမှုဖွင့်ရခြင်းဖြစ်ပြီး ဖြေရှင်းပြီးသွားရင် အခြားကိုယ်စာလှယ်များအနေနဲ့ လွတ်သွားနိုင်ပါတယ်ဟု ဦးစိန်ဝင်းက ပြောဆိုခဲ့သည်။
မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းသည် ပြည်သူ့လွှတ်တော် တောင်သူလယ်သမား နှင့် အလုပ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌဖြစ်ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း မအူပင်မြို့နယ်မှပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူဖြစ်သည်။
အမှုဖွင့်တိုင်ကြားခံထားရသည့် ဒေါက်တာမြင့်စိန်၏ အော့ချက်(ဒ်)ကုမ္ပဏီမှာ မလက်တိုကျေးရွားတွင် ငါးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီဖြစ်ကြောင်း ဒေသခံတဦးကပြောသည်။
မလက်တိုကျေးရွာ အုပ်စုအတွင်း အော့ချက်(ဒ်) ကုမ္ပဏီက ၁၉၉၆ ခုနှစ်တွင် သိမ်းဆည်းခဲ့သည့် လယ်မြေ ၅၅၀ ဧကကို တောင်သူများထံ ပြန်လည်ပေးအပ်ရေး တောင်းဆိုရာမှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ တွင် တောင်သူများနှင့် လုံခြုံရေးယူပေးသော ရဲတပ်ဖွဲ့အကြား အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးကာ ၃၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး တောင်သူများဘက်မှလည်း ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်။
တိုင်ကြားမှုနှင့် ပတ်သက်၍လည်း ဦးစိန်ဝင်းက NLD ပါတီ ဗဟိုအလုပ်အမှု ဆောင် အဖွဲ့ထံသို့လည်း အထူးအစီအရင်ခံစာ တစောင်ကို အောက်တိုဘာ ၂၄ ရက်နေ့ရက်စွဲဖြင့် ပေးပို့ ထားကြောင်းလည်း သိရှိရသည်။
Credit:ဧရာဝတီ