၅ ရက်သား ကလေးကိုစွန့်ပစ်ခဲ့သည့် အမျိုးသမီး နှစ်ဦးကို အရေးယူရန် စီစီတီဗီကင်မရာမှ စုံစမ်းထောက်လှမ်းနေ
25 Oct 2016 1,352 Views

စက်တင်ဘာလ ၁၉ ရက်နေ့က ဧရာဝတီတိုင်း၊ ဇလွန်မြို့ရှိ ဇလွန်မာန်အောင်မြင် ပြည်တော်ပြန်ဘုရားဝင်းအတွင်း မွေးကင်းစကလေးငယ် တစ်ဦးကို လာရောက်စွန့်ပစ်ခဲ့ကြောင်းတွေ့ရှိခဲရသဖြင့် စီစီတီဗီကင်မရာနှင့် ပြန်လည် ကြည့်ရှုရာ လာရောက်စွန့်ပစ်ခဲ့သူမှာ အမျိုးသမီးနှစ်ဦးဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
ဖြစ်စဉ်မှာ ဇလွန်ပြည်တော်ပြန်ဘုရား ဂန္ဓကုဋီတိုက်အနီးရှိ ကိုကိုအောင်ဓာတ်ပုံဆိုင် ဘေးနားတွင် အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီကျော်က “သီတင်းကျွတ် လဆန်း ၁၄ ရက်၊ စနေသား ၂၀၁၆၊ (၁၀) လပိုင်း၊ ၁၅ ရက်၊ ထိုက်သူယူ” ဟု ရေးသားထားသည့် စာတစ်စောင်၊ အနှီး ၃ ထည်နှင့်အတူ စွန့်ပစ်ထားသည့် မွေးကင်းစကလေးငယ်တဦးကို မြို့ခံများက တွေ့ရှိခဲ့ကြသည်။
ထို့ကြောင့် မြို့ခံများက ဘုရားဂေါပကနှင့် ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူများကို အကြောင်းကြားခဲ့ရာ တာဝန်ရှိသူများက ကလေးငယ်ကို ကောင်းမွန်စွာစောင့်ရှောက်ထားခဲ့ပြီး ဘုရားတွင်တပ်ဆင်ထားသည့် စီစီတီဗီ မှတ်တမ်းများကို ပြန်လည်ကြည့်ရှုခဲ့ရာ အမည်မသိ အမျိုးသမီး ၂ ဦးမှ လာရောက်စွန့်ပစ်ခဲ့သည်ကို တွေ့ရှိရ၍ အဆိုပါ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ဇလွန်မြို့နယ်ရဲတပ်ဖွဲ့က ကြိုးပမ်းနေခြင်းဖြစ်သည်။
အဆိုပါအမျိုးသမီး နှစ်ဦးသည် ကလေးကို ပစ်ထားခဲ့ပြီးနောက် ဆိုင်ကယ်တက္ကစီငှားကာ သင်္ဘောဆိပ်သို့ သွားခဲ့ပြီး ထိုမှတစ်ဆင့် မြစ်ကိုဖြတ်ကူးသွားကြောင်း သိရှိရသည့်အတွက် မြစ်တစ်ဖက်ကမ်းရှိ မြို့နယ်ကျေးရွာအုပ်ချုပ်သူများနှင့် ချိပ်ဆက်ကာ လိုက်လံစုံစမ်းရှာဖွေလျှက်ရှိကြောင်း သိရှိရသည်။
ပစ်ထားခံခဲ့ရသော ကလေးငယ်ကို ဇလွန်မြို့ဆေးရုံအုပ်ကြီးမှ တစ်ဆင့် လူမှုဝန်ထမ်းဌါနသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
Ref:IrrawaddyTimes