လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ကျော်လွန်ခဲ့သော အဝေးသင်စာမေးပွဲရက် အစားထိုးပြန်လည်ဖြေဆိုမည်
25 Oct 2016 1,391 Views

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လူမှုရေးဝန်ကြီးအဖြစ်တာဝန်ယူဆောင်ရွက်နေသော ဦးနိုင်ငံလင်းသည် ၂၀၁၆ ခုနှစ် အဝေးသင်စာမေးပွဲတွင် စာမေးပွဲရက် ကျော်လွန်သွားခဲ့သော်လည်း သင်္ချာအထူးပြုဘာသာရပ်ဖြင့် အစားထိုးစာမေးပွဲပြန်လည်ဖြေဆိုရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
ဦးနိုင်ငံလင်းသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အနိုင်ရလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များအတွက် တိုင်းရင်းသား လက်နက်ကိုင် အချို့ပါဝင်သည့် အဖွဲ့နှင့်အတူ တောင်အာဖရိကနိုင်ငံသို့ လေ့လာရေး ခရီးစဉ် သွားရောက်နေခြင်းကြောင့် အဝေးသင်စာမေးပွဲ ဖြေဆိုမည့်ရက်ကို ကျော်လွန်သွားခဲ့သည့်အတွက် အဝေးသင်စာမေးပွဲ အစားထိုးပြန်လည်ဖြေဆိုခွင့် လျှောက်ထားရာ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
”ကျွန်တော် အရင်ထဲက စာမေးပွဲပြန်ဖြေဖို့ စဉ်းစားထားပေမယ့် မဖြေဖြစ်ခဲ့တာပါ။ အခု ရန်ကုန်မှာလည်းနေတော့ ဖြေဖြစ်သွားတာပါ။ စာမေးပွဲဖြေဖို့အတွက် အခုထိ ဘာမှသိပ်မသိသေးပါဘူး။ အဝေးသင်စာမေးပွဲဖြေဆိုဖို့ အတွက် ညအချိန်မှာ စာဖတ်နေပါတယ်။ ဘယ်တက္ကသိုလ်မှာ ဘယ်အချိန်ဆိုတာ တိတိကျကျမသိရ သေး ပါဘူး။” ဟု လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။
ယခုကဲ့သို့ အဝေးသင်စာမေးပွဲရက် အစားထိုးပြန်လည်ဖြေဆိုခွင့် ရရှိသွားသည့်အပေါ်တွင် ဒဂုံတက္ကသိုလ် အင်္ဂလိပ်စာအထူးပြု နောက်ဆုံးနှစ် အဝေးသင်ကျောင်းသားတစ်ဦးက-
“ကျောင်းသားတွေမှာတော့ အဲ့လိုလုပ်ပေးတာမရှိဘူး။ ဝန်ကြီးမိုလို့အဲလိုလုပ်ပေးတာရှိမှာပေါ့။ သတ်မှတ်ထားတဲ့ စာမေးပွဲရက်မှာ မဖြေနိုင်ရင် အကုန်လုံးက တစ်နှစ်အောက်ကြတာပဲ။ ပြန်ဖြေတာမှာလဲ ပွင့်လင်းမြင်သာမှုနဲ့ ဖြေမှာလား ဘယ်အသုတ်နဲ့ ရောဖြေရမှာလား သီးသန့်တစ်ယောက်ထဲဖြေရမှာလား အဲဒါကလဲရှိသေးတယ်။” ဟု ဝေဖန်ချက်များ ထုတ်ခဲ့သည်။
Ref:မြစ်မခမီဒီယာ