ရှမ်းပြည်နယ် NLDပါတီ ဥက္ကဌအပါအဝင် အရေးယူခံရသူ (၅)ဦး၏ အယူခံဝင်မှု ဦးဝင်ထိန်ဘက်မှ လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက သက်သေအဖြစ် ထွက်ဆိုမည်
25 Oct 2016 1,327 Views

ရှမ်းပြည်နယ် NLD ပါတီဥက္ကဌအပါအဝင် ကိုယ်စားလှယ် (၅)ဦးကို ရာထူးမှထုတ်ပယ်ခံခဲ့ရမှုအပေါ် အယူခံအဖွဲ့မှ ဒုတိယအကြိမ်စစ်ဆေးမှုအဖြစ် အောက်တိုဘာ ၂၄ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့ရာတွင် ဦးဝင်းထိန်ဘက်မှ စွပ်စွဲချက်တင်ပြစာများကို သက်သေအဖြစ် တင်သွင်းခဲ့ကဖြင့် လွှတ်တော်ကိုယ်စားလှယ် (၅)ဦးနဲ့ ပါတီဝင်တစ်ဦးကို သက်သေအဖြစ် ဆက်လက်စစ်ဆေးမှာဖြစ်ကြောင်း သိရှိရပါတယ်။

ရှမ်းပြည်နယ် NLDပါတီ ဥက္ကဌရာထူးမှ ဖယ်ရှားခံခဲ့ရသူ ဒေါ်ခင်မိုးမိုးက "မူလစွပ်စွဲချက်တွေကိုပဲ အတည်ပြုသွားတာပါ။ အဲ့ဒီဟာတွေအားလုံးက တဆင့်ကြားတာတွေကြီးပဲ။ သူ့ကို တောင်ကြီးကသူတွေက တဆင့်ပြောလိုက်တယ်။ လွှတ်တော်အမတ်တွေက တဆင့်ပြောလိုက်တယ်။ သူက အဲ့ဒီတင်ပြတဲ့လွှတ်တော်အမတ်တွေရဲ့ တင်ပြတဲ့စာတွေကို သက်သေခံသွင်းပါတယ်။ ကျမကကန့်ကွက်ပါတယ်။ ကန့်ကွက်တဲ့အတွက်ကြောင့်စစ်ဆေးရေးအဖွဲ့က လက်မခံပါဘူး။ သက်သေတွေကိုယ်တိုင် ရုံးရှေ့မှာလာပြီး ထွက်ဆိုတဲ့အချိန်ကျမှ လက်ခံပေးမယ်။ ကျမကန့်ကွက်တာကို အယူခံအဖွဲ့က လက်ခံပါတယ်။" ဟု အယူခံစစ်ဆေးချက်အပြီးမှာ ပြောပြပါတယ်။
ဦးဝင်းထိန်တင်သွင်းခဲ့သော သက်သေ (၆)ဦးမှာ ဦးစိုင်းစံခပ်(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၊ ဦးဘုန်းမောင်(ဖယ်ခုံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးနေမျိုး(ညောင်ရွှေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးဇော်မင်းလတ်(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာဒေါ်သန်းငွေ(တောင်ကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါ်စန်းစန်းမော်(လွိုင်လင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၂)မှာ ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သူ) တို့ဖြစ်ကြပါတယ်။
တောင်ကြီးခရိုင်ဥက္ကဌဦးတိုးက လူမှုကွန်ယက်စာမျက်နှာကနေ ဦးဝင်းထိန်ကိုဂုဏ်သိက္ခာကျဆင်းအောင် ပုတ်ခတ်ရေးသားခဲ့တာကြောင့်နဲ့ ကျန်ငါးဦးကိုလည်း ပါတီအပေါ်တာဝန်မကျေမှု၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလတွေမှာ ပါတီနဲ့ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူး ဆိုပြီး ပါတီဗဟိုကော်မတီဝင် ဦးဝင်းထိန်က နှုတ်မိန့်နဲ့ ရာထူးမှထုတ်ပယ်ခဲ့မှုအပေါ် ထုတ်ပယ်ခံရသူတွေဘက်မှ ပါတီအယူခံဝင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
Credit:ကုမုန္ဒြာ