အဆိုတော်လင်းလင်းနှင့် အလှူရှင်များက ရေယာဉ်နစ်မြုတ်ရာတွင် ကူညီခဲ့သူများအား ဂုဏ်ပြုချီးမြှင့်
24 Oct 2016 1,422 Views

ချင်းတွင်းမြစ်အတွင်း နစ်မြုပ်ခဲ့သည့် ရေယာဉ် အားရေငုပ်ရှာဖွေခဲ့သောအဖွဲ့၊ ရေယာဉ်အထူးခန်းထဲမှ အလောင်းများ ကို ဆွဲထုတ်သယ်ယူပေးခဲ့သော မီးသတ်နှင့် တပ်မတော်သားတို့အား မုံရွာမြို့သို့ ဂီတဖျော်ဖြေပွဲသီဆိုရန် ရောက်ရှိနေ သော အဆိုတော်လင်းလင်းက အောက်တိုဘာ ၂၃ ရက်တွင် ဘုရား ကြီးရပ်ကွက်ဗိုလ်ချုပ်လမ်းရှိ ဦးမျိုး ဝင်းနေအိမ်၌ ဂုဏ်ပြုငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် မီးသတ်နှင့်တပ်မတော်သားတို့၏ ရေယာဉ်ဆယ်ယူရေးတွင် လူကိုယ်တိုင်သွားရောက်၍ စက်ယန္တရားဖြင့် ကူညီခဲ့သောမုံရွာမြို့မှ ဦးမျိုးဝင်းကလည်း ဂုဏ်ပြုငွေများ ချီးမြှင့်သကဲ့သို့ ရေယာဉ်ပေါ်တွင် ပါရှိသော ရွှေတစ်ပိဿာကျော်ပိုငေရှင်များကလည်း ရေငုပ်အဖွဲ့ကိုထပ်မံ ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
''ကျွန်တော်တို့မိသားစုက ရေငုပ်တဲ့သူနဲ့ တပ်မတော်သားတွေကို ကျပ်ဆယ်သိန်း လှူပါတယ်။ အရင်နေ့ကလည်း အသက်ဆုံးပါးသွားတဲ့ မိသားစုဝင်တွေအတွက် ငွေကျပ် သိန်း ၃ဝ လှူခဲ့ပါတယ်။ ကိုယ့်နိုင်ငံထဲကလူတွေ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြတဲ့အပေါ် တတ်နိုင်တဲ့ပုံစံနဲ့ ကူညီတဲ့သဘောပါ''ဟု ကိုလင်းလင်းကပြောသည်။
အလှူရှင်ဦးမျိုးဝင်းက မီးသတ်လေးဦးနှင့် တပ်မတော်သားနှစ်ဦးတို့ကို ငွေကျပ်နှစ်သိန်းစီ၊ မုံရွာမြို့သို့ ရွှေထည်များလူကြုံပါးလိုက်သော ဖောင်းပြင်မြို့နယ် သရောင်းရွာ ဝင်းပပရွှေပန်းထိမ်လုပ်ငန်းမှ ဦးဝင်းကို၊ ထွန်းစတိုးမှ ဦးသန်းထွန်းဝေတို့က ရေငုပ်အဖွဲ့သားလေးဦးကို ငွေကျပ် ၁ဝ သိန်း၊ အဆိုတော်လင်းလင်းက အားလုံးအတွက် တစ်ဦးလျှင် ကျပ် တစ်သိန်းစီ ပေးအပ်ဂုဏ်ပြုခဲ့ကြ သည်။
ရေယာဉ်အား ရေငုပ်ရှာဖွေသူ များမှာ ကနီမြို့နယ် အိုင်တောင်ရွာ မှ ဦးရွှေဘ၊ ဦးညိုအေး၊ ဦးဖိုးသားနှင့် ဦးဇော်လွင်၊ တပ်မတော်သားနှစ်ဦး မှာ မုံရွာတပ်နယ်မှ အောင်ဆန်းဦး နှင့်ကျော်ဇေယျ၊ မီးသတ်လေးဦးမှာ မြနိုင်၊ တင့်လွင်ဦး၊ ဇော်လင်းမောင် နှင့်ဇော်ဌေးတို့ဖြစ်ကြသည်။
Credit:YGM