ထပ်ခိုးလှေကားပေါ်မှကန်ချ၊ မျက်လုံးထဲ ငရုတ်သီးမှုန့်ဖြူးထည့်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင် နှိက်စက်ညှင်းပန်းမှု
21 Oct 2016 1,416 Views

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာသည် မသဇင်ကို ထပ်ခိုးလှေကားပေါ်မှ ကန်ချခြင်း၊ မျက်စိထဲသို့ ငရုတ်သီးမှုန့် ထည့်ခြင်းများ ပြုလုပ်ခဲ့သည်ဟု တရားလိုပြသက်သေက တရားရုံးတွင် ထွက်ဆိုခဲ့သည်။
အိမ်အကူ မိန်းကလေး နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည့် အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုဝင် ခြောက်ဦးကို အောက်တိုဘာ ၂၀ ရက်က အနောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်စစ်ဆေးရာ အင်းဝအပ်ချုပ်ဆိုင်မှ မသီရိလတ်၏ နေအိမ်နှင့် အင်းဝအပ်ချုပ်ဆိုင်တို့တွင် အိမ်အကူအဖြစ် မစန်းကေခိုင်၊ မသဇင်တို့နှင့် အတူတကွ အလုပ်လုပ်ကိုင်ခဲ့ဖူးသူ မတင်တင်ခိုင်အား တရားလိုပြ သက်သေအဖြစ် စစ်ဆေးရာ ၎င်းက ယင်းကဲ့သို့ တရားရုံးတွင် ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

ကော့မှူးမြို့နယ် ဘောလုံးကွင်း ကျေးရွာတွင် နေထိုင်သော အသက် ၁၈ နှစ်ရှိပြီဖြစ်သူ မတင်တင်ခိုင်သည် အသက် ၁၃ နှစ်အရွယ်ခန့်မှစ၍ အင်းဝအပ်ချုပ်ဆိုင်ရှင် ဦးကိုလတ်နှင့် ဒေါ်တင်သူဇာတို့၏ သမီးဖြစ်သူ မသီရိလတ် နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ရပြီး တစ်လလျှင် ကျပ်နှစ်သောင်း အခကြေးငွေ ရရှိကြောင်း၊ အဝတ်လျှော်၊ မီးပူတိုက်အိမ် သန့်ရှင်းရေး လုပ်ကိုင်ခဲ့ရကြောင်း၊ နောက်ပိုင်းတွင် မသီရိလတ်တို့ လင်မယားချင်း အဆင်မပြေသဖြင့် အင်းဝအပ်ချုပ်ဆိုင်သို့ မသီရိလတ်က ပြောင်းရွှေ့နေထိုင်ရာ ၎င်းပါပြောင်းရွှေ့ နေထိုင်ပြီး ကလေးထိန်း၊ အဝတ်လျှော် မီးပူတိုက် အလုပ်များကို လုပ်ကိုင်ရကြောင်း၊ မစန်းကေခိုင်၊ မသဇင်တို့နှင့်အတူ လုပ်ကိုင်ရကြောင်း၊ ကလေးထိန်းကိစ္စနှင့် အိမ်မှုကိစ္စများ ပြုလုပ်ရာတွင် အဆင်မပြေမှုနှင့် မစုမွန်လတ်၏သားနှင့် မသီရိလတ်၏ သမီးတို့ ရန်ဖြစ်ပါက ၎င်းအား မစုမွန်လတ်က လက်နှင့်ကျောကုန်းတို့ကို ရိုက်နှက်ကြောင်း၊ အရှည် နှစ်ပေခွဲ၊ လုံးပတ်ခြောက်လက်မတုတ်ဖြင့် ရိုက်နှက်ကြောင်း၊ ၁၀ ချက်ကျော်ခန့် ရိုက်နှက်ကြောင်း၊ ကျောပေါ်ကို တက်ခုန်ခဲ့ကြောင်း၊ သီရိလတ်၏ သမီးအကြီးသောက်ရန် နို့ဘူးဖျော်ရာတွင်လည်း ဒေါ်တင်သူဇာက ဇွန်းခွက်နှင့် ပေါက်ခဲ့ကြောင်း၊ နဖူး၊ နှာခေါင်းနှင့် မျက်နှာတို့ကို ထိခိုက်မှုများရှိခဲ့ကြောင်း ရုံးတော်တွင် မတင်တင်ခိုင်က ထွက်ဆိုခဲ့သည်။
ထို့ပြင် မသဇင်ကို လှေကားပေါ်မှ ကန်ချခြင်း၊ မသဇင် ဟင်းချက်ရာတွင် အဆင်မပြေပါက ကိုတင်မင်းလတ်က ချုပ်ထားပြီး ဒေါ်တင်သူဇာက မသဇင်မျက်စိထဲသို့ ငရုတ်သီးမှုန့်များ ထည့်ခဲ့ကြောင်း၊ မစန်းကေခိုင်ကိုလည်း မစုမွန်လတ်က ကျောကုန်း၊ ခေါင်း၊ လက်တို့ကို တုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ ၎င်း၏ဖခင် ဦးလှရီ နှစ်ကြိမ်ခန့် လာရောက် တွေ့ဆုံသော အခါတွင်လည်း ခရီးသွားနေသည်ဟု ဒေါ်တင်သူဇာ၊ မစုမွန်လတ်၊ မသီရိလတ်တို့က ပြောကြားသည့်အတွက် ဖခင်က ကျောက်တံတား ရဲစခန်းသို့ သွားရောက် တိုင်ကြားသောအခါ နောက်တစ်ရက်တွင် ရပ်ကွက်ရုံးက ခေါ်ယူသည့်အတွက် ဖခင်ကို တွေ့ခဲ့ရကြောင်း နှင့် ရွာသို့ပြန်လိုက် သွားခဲ့ကြောင်းနှင့် နောက်ပိုင်းတွင် မသီရိလတ်က ပြန်လည်ခေါ်ယူသဖြင့် ထပ်မံသွားရောက် လုပ်ကိုင်ခဲ့ကြောင်း၊ နှစ်လ၊ သုံးလ ကြာသောအခါ ၎င်း၏ မောင်ဖြစ်သူ သေဆုံး၍ ရွာပြန်ရာမှတစ်ဆင့် ပြန်လည်သွားရောက် လုပ်ကိုင်ခြင်း မရှိတော့ဟု မတင်တင်ခိုင်က ထွက်ဆိုခဲ့သည်။
ထို့ပြင် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုဝင်များ၏ ရှေ့နေများ မေးမြန်းသော မေးခွန်းများကိုလည်း ၎င်း၏ဖခင် ပြန်ခေါ်သောအခါ မလိုက်နဲ့ဟု ပြောကြောင်း၊ အတင်းခေါ်ရင် ကားအောက်ထဲကို ဝင်မည်ဟု မစုမွန်လတ်က သင်ပေးခဲ့ကြောင်း၊ မသီရိလတ်ကမူ ၎င်းအား ရိုက်နှက်နှိပ်စက်ခြင်း မပြုလုပ်ခဲ့ကြောင်း၊ စိန်နားကပ် တစ်ရန်လည်း ဆင်ပေးထားကြောင်း မတင်တင်ခိုင်က ထွက်ဆိုခဲ့သည်။
အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုဝင် ခြောက်ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၂၉/၃ ၂ တို့ဖြင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးမျိုးသိန်းကတရားလိုပြုလုပ် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။
အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုဝင်များ ရုံးထုတ်ရာတွင် အနောက်ပိုင်းခရိုင် တရားရုံးပြန်ကြားရေး အရာရှိက ဓာတ်ပုံမရိုက်ယူရန် သတင်းမီဒီယာများသို့ ပြောကြားခဲ့ပြီး တရားရုံးတာဝန်ရှိသူ များကလည်း ဓာတ်ပုံဗီဒီယို ရိုက်မရအောင် အချုပ်ခန်းသို့ အချုပ်ကားဝင်ရာ လမ်းကြောင်း ပိတ်ထားသည်ကို တွေ့ရသည်။
Credit:Eleven