ကားတင်ပြေးအဓ္ဓမကျင့်ကာ ရောင်းစားခံခဲ့ရသည့် ၁၇ နှစ်အရွယ် မွန်မလေး
20 Oct 2016 1,570 Views

မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်ရှိ ရတနာထက် KTV စားသောက်ဆိုင်တွင် အတင်းအဓ္ဓမ သားမယားပြုကျင့်ခံရပြီး ရောင်းစားခံလိုက်ရသော အသက် ၁၇ နှစ်အရွယ် မွန်အမျိုးသမီးလေး တစ်ဦးကို အောက်တိုဘာလ ၇ ရက်နေ့က ရပ်မိရပ်ဖများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဝင်ရောက်ကယ်ဆယ်ခဲ့ရသော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်၏ အစမှာ- မသူဇာ(အမည်လွှဲ) အသက် ၁၇ နှစ်၊ ကျိုက်မရောမြို့နယ် တရနာကျေးရွာအုပ်စုတွင် နေထိုင်သူ၊ မိသားစု ၈ ဦးအတွက် နေ့စဉ်နံနက်စောစော ပန်းရောင်းခြင်းဖြင့် အသက်မွေးသူတစ်ဦးဖြစ်သည်။ အခင်းဖြစ်ပွားမည့် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့် နေအိမ်မှ လမ်းလျှောက်ထွက်လာစဉ် ရွာထိပ်အရောက်၌ ဟိုက်ဂျက်အမျိုးအား ကားတစ်စီးပေါ်က အမျိုသားတစ်ဦးမှ ဓာတ်ဆိုင်ဆိုင်ကို မေးမြန်းသဖြင့် လမ်းညွှန်ပေးခဲ့ပြီး ဆက်လက်ထွက်လာခဲ့ရာ အဆိုပါအမျိုးသားက နောက်မှ ကားနှင့်လိုက်လာခဲ့ပြီးနောက် ဈေးသို့လိုက်ပို့ပေးမည်ဟု ပြောဆိုခဲ့ရာ သူမက ငြင်းပယ်ခဲ့သည်။ ထို့နောက် အမျိုးသားက ကားပေါ်မှဆင်းလာပြီး ပန်းခြင်းတောင်းကို ကားနောက်ခန်းသို့ ပစ်တင်ပြီး လူကိုကားရှေ့ခန်းသို့ အတင်းဆွဲတင်၍ မောင်းထွက်သွားခဲ့သည်။
ဘာဘူကုန်းကျေးရွာအလွန် ကားလမ်းမဘေးတစ်နေရာ၌ အဓ္ဓမသားမယားပြုကျင့်ခဲ့ပြီးနောက် မော်လမြိုင်မြို့သို့ ခေါ်ဆောင်သွားခဲ့သည်။
“နောက်မှနင့်ကို အလုပ်ရှာပေးမယ်လို့ ဟိုနေရာ ဒီနေရာ သူပြောပြတယ်၊ မကောင်းတဲ့နေရာတွေပေါ့။ ကျွန်မက အဲ့ဒီမကောင်းတဲ့ နေရာမှာ ကျွန်မ မသွားချင်ဘူး။ မလုပ်ချင်ဘူးလို့ ပြောတော့ သူက အဲဒီရတနာထက်ဆိုင်ကို သူလိုက်ပို့တယ်”ဟု အမျိုးသမီးငယ်က ပြောပြသည်။

ထို့နောက် မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်ရှိ ရတနာထက် KTV စားသောက်ဆိုင်သို့ ခေါ်ဆောင်သွားခဲ့သည်။ တရနာကျေးရွာဈေးကလွဲ၍ မည်သည့်နေရာကိုမှ ရောက်ဖူးခဲ့ခြင်း မရှိသည့် အမျိုးသမီးငယ်မှာ ရတနာထက် စားသောက်ဆိုင်တွင် ညနေ ၆ နာရီမှ ည ၁ နာရီခွဲထိ စားပွဲထိုးအဖြစ် ဘီယာငှဲ့၍ အမျိုးသားများနှင့် ကာရာ အိုကေ ဖျော်ဖြေခန်းတွင် အတူထိုင်ရသဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်း ကိုင်တွယ်ခြင်းနှင့် ဖက်နမ်းခြင်းများကို ပြုလုပ်ခံခဲ့ရကြောင်း ထိုဆိုင်တွင် သူမ၏ အမည်ကိုလည်း ဖူးဖူးလို့ ပေးခဲ့ကြကြောင်း ပြန်လည်ပြောပြခဲ့သည်။
“ပိုက်ဆံလည်း တစ်ပြားမှ မရဘူး၊ ပြန်ဖို့ ဘယ်လိုကြိုးစားရမလဲ၊ အပြင်မှ ထွက်လို့မရတာ” ဟု ဆိုသည်။
အမျိုးသမီးငယ် ပျောက်ဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ တရနာကျေးရွာ အုပ်ချုပ်ရေးမှူးက တရနာနယ်မြေ ရဲစခန်းမှူး ထံ ဖုန်းဖြင့် အကြောင်းကြား တိုင်ကြားထားခဲ့သည်။ ပျောက်ဆုံးပြီး ၂၃ ရက်ကြာ အောက်တိုဘာ ၇ ရက်နေ့ ညနေ ၃ နာရီက အမျိုးသမီးငယ်ရှိရာနေရာကို သတင်းရရှိခဲ့ပြီး တရနာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာရပ်ကွက်မှူးများက မသူဇာ (အမည်လွဲ) ရှိရာ နေရာအား လိုက်လံစုံစမ်းခဲ့ရာမှ ဇေယျာမြိုင် ရပ်ကွက်ရှိ ရတနာထက် KTV ကာရာအိုကေ စားသောက်ဆိုင်၌ ရှိနေကြောင်း သိရှိသွားသဖြင့် ည ၁၁ နာရီက အမျိုးသမီးငယ်ကို ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း တရနာကျေးရွာ အုပ်ချုပ်ရေးမှူး မိသန်းဌေးက ပြောသည်။
“ဖြစ်ပုံက ကျွန်မရဲတွေကိုလည်း ကျွန်မခေါ်မလာဘူး။ ကျွန်မက သူ့ကို ချက်ချင်းထုတ်လာမယ်လို့ ကျွန်မ မစဉ်းစားခဲ့ဘူး။ ထင်လည်း မထင်ထားခဲ့ဘူး။ ကျွန်မစုံစမ်းရုံပဲ စဉ်းစားထားတယ်”ဟု အုပ်ချုပ်ရေးမှူး မိသန်းဌေးက ရှင်းပြခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသမီးငယ်၏ မိခင်ဖြစ်သူက အောက်တိုဘာ ၁၀ ရက်နေ့တွင် မော်လမြိုင်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီးနောက် ကျိုက်မရောမြို့မ ရဲစခန်းတွင် (ပ) ၁၁၂/ ၂၀၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ အမှုဖွင့်ထားခဲ့သည်။
ရတနာထက်ဆိုင်ပိုင်ရှင် အမျိုးသမီးကမူ အမျိုးသမီးငယ်က ရတနာထက် ကာရာအိုကေဆိုင်တွင် အလုပ်လာလျှောက်သဖြင့် အလုပ်ပေးခဲ့ခြင်းသာဖြစ်ပြီး ထိုအမျိုးသမီးငယ်ကို ဖန်ခွက်ဆေးသည့် အလုပ်နှင့် တံမြက်စည်း လှည်းသည့် အလုပ်ကိုသာ ခိုင်းစေခဲ့ကြောင်း ပြောကြားသည်။
အသက် ၁၇ အရွယ် အမျိုးသမီးငယ်ကို စက်တင်ဘာ ၁၄ ရက်နေ့က အမည်မသိ အမျိုးသားက အဓမ္မပြုကျင့်၍ ရတနာထက် KTV စားသောက်ဆိုင်သို့ ပို့ဆောင်ခဲ့ခြင်းနှင့် ပတ်သက်၍ ရတနာထက် KTV စားသောက်ဆိုင်မှ ဆိုင်ပိုင်ရှင်အမျိုးသမီးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် အောက်တိုဘာ ၁၃ ရက်နေ့က ဖမ်းဆီးအရေးယူထားကြောင်း မော်လမြိုင်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိသည်။
Ref:ဟင်္သာမီဒီယာ