BEC-TERO TV

ရှေးဦးလူသားတို့၏ ခြေရာလက်ရာများ အင်္ဂပူမြို့ဟောင်းအနီး တောင်ညိုတောင်ပေါ်တွင် တွေ့ရှိ

19 Oct 2016     1,810 Views


ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူတောကြီးတန်းရှိ ပျူခေတ်ဂဝံမြို့ဟောင်းအနီး တောင်ညိုတောင်ပေါ်တွင် ကျောက်ဖြစ်နေသည့် ရှေးဦးလူသားတို့၏ လက်ရာနှင့်ခြေရာများအား အောက်တိုဘာလအတွင်း တွေ့ရှိထားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ပျူခေတ် အင်္ဂပူ ဂဝံမြို့ဟောင်း၏ အနောက်ဘက်(၄)မိုင်ခန့်အကွာရှိ ကျောက်တစ်လုံးကျေးရွာအနီးရှိ တောင်ညို တောင် ရှိ ကျောက်တောင်များတွင် ကျောက်ဖြစ်နေသည့် လက်ရာ(၂)ခု၊ ခြေရာ(၂)ခုနှင့် (၀)လုံးပုံစံများ၊ တုတ် ဖြင့် ရေးခြစ်ထားသည်ဟုယူဆရသည့် မြေပုံများ၊ တိရိစ္ဆာန်ခြေရာဟုယူဆရသည့် ပုံသဏ္ဍာန်များ တွေ့ရှိရ ကြောင်း သိရသည်။
 
“ကျွန်တော်တို့ ငယ်ငယ်ကလေးဘဝကတည်းက အဲဒီခြေရာ၊ လက်ရာတွေရှိနေတာ တွေ့ခဲ့ရတာ။လူသူအ ရောက်အပေါက်လည်း နည်းတော့ အမှုမဲ့အမှတ်မဲ့နေလာတာ။အခုမှ ကြပ်ပြင်တောရဆရာတော်ကို ပြောပြ တော့မှ ဆရာတော်ရဲ့ကြိုးပမ်းမှုနဲ့ လူသိများထင်ရှားလာတာပါ။ ဒီတောင်ညိုနေရာရဲ့ အပေါ်ဘက်ကျောက်ဂူ ထဲမှာ လူနေထိုင်ခဲ့တဲ့ အထောက်အထားတွေ ရှိခဲ့ပေမယ့် ရေတိုက်စားလို့ တစ်ဝက်လောက်က ပျက်စီးသွားပြီ။ ခြေရာတွေသက်တမ်းက နှစ်ဘယ်လောက်ကြာပြီဆိုတာတော့ ပညာရှင်တွေလာစစ်ဆေးရင် သိရမှာပါ။”ဟု အသက်(၇၀)အရွယ်ရှိ ကျောက်တစ်လုံးကျေးရွာ၏ ရပ်မိရပ်ဖ ဦးတင်လှိုင်က ပြောသည်။
 
ယခုတွေ့ရှိရသည့် ကျောက်ခြေရာများသည် အလျား(၁)ပေ၊အနံ(၆)လက်မခန့်ရှိ ဘယ်ဘက်ခြေရာဟု ယူဆ ရသော ကျောက်ခြေရာတစ်ခု၊ အလျား (၈)လက်မ၊ အနံ(၂)လက်ခန့်ရှိ ဘယ်ဘက်ခြေရာဟု ယူဆရသော ကျောက်ခြေရာတစ်ခုတွေ့ရှိရပြီး ကျောက်တောင်ဘေးဘက်နံရံတွင် အလျား(၃)လက်မ၊ အနံ (၇)လက်မခန့်ရှိ ဘယ်ဘက်နှင့် ညာဘက်လက်ပုံစံများ တွေ့ရှိရသည်။
 
“ရှေးဦးလူခြေရာဖြစ်နိုင်ဖို့အကြောင်းရင်းက ရွှံ့စေးမြေပျော့ပျော့မှာ သူတို့နင်းလိုက်လို့  ရွှံ့မြေမှာပုံထင်ပြီး ခြေရာ ကျန်ခဲ့မယ်။ အဲဒါကနေ အကြောင်းအမျိုးမျိုးကြောင့် မြေကြီးအောက်ရောက်သွားပြီး အသွင်ပြောင်း ရွှံ့ကျောက် ဖြစ်မယ်ဆိုရင် ဒါဟာ ရှေးဦးလူခြေရာဖြစ်နိုင်တယ်။ ရွှံ့ကျာက်ဖြစ်မယ့် သက်တမ်း နှစ်တစ်သန်း လောက်ကြာတယ်။ ဒါကြောင့် နံပါတ်တစ်အနေနဲ့ ခြေရာတွေ့ရတဲ့ ကျောက်ကို စစ်ဆေးကြည့်ဖို့ လိုမယ်။ ဒါကတော့ ဘူမိဗေဒ ပညာရှင်တွေ စစ်ဆေးဆုံးဖြတ်ပေးရမှာပါ။”ဟု သမိုင်းပညာရှင် တပ္မဝတီ ဦးဝင်းမောင်က ပြောသည်။
 
တောင်ညိုတောင်၌ ရှေးဦးလူခြေရာ၊ လက်ရာဟု ယူဆရသော ပုံသဏ္ဍာန်များတွေ့ရှိရသည့်အပြင် ၎င်းနေရာနှင့် အနီးဆုံးကျေးရွာများဖြစ်သည့် ကျောက်တစ်လုံးရွာနှင့် ဂျို့ပင်စုကျေးရွာတို့မှ ကျောချောလက်နက်ဟု ယူဆရ သည့် ကျောက်တူ၊ ကျောက်ပုဆိန်၊ ကျောက်ကွင်းစသဖြင့် ကျောက်ခေတ်ပစ္စည်း (၆)ခုနှင့် ကျောက်ဖြစ် နေသည့် ခရုခွံများတွေ့ရှိရသည့်အတွက် အလှူခံကာ စုဆောင်းထားကြောင်း  ပျူခေတ်ဂဝံမြို့ဟောင်းကို ထိန်းသိမ်းစောင့်ရှောက်နေသည့် ဆရာတော် ဦးပညာသီရိမှ မိန့်ကြားသည်။
“ပုသိမ်မြို့ရှေးဟောင်းသုတေသနဌာနအနေနဲ့ ကျောက်ခြေရာ၊ လက်ရာနဲ့ ကျောက်လက်နက်လို့ ယူဆရတဲ့ ပစ္စည်းဓာတ်ပုံတွေကို လက်ခံရရှိထာပါတယ်။ ပုံတွေကို နေပြည်တော်၊ ယာဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီး ဌာနရုံးချုပ်ကို ဆက်လက်တင်ပြပေးသွားပါမယ်။” ပုသိမ်မြို့ရှိ ရှေးဟောင်းသုတေသနဌာန၊ လက်ထောက် ညွန်ကြားရေးမှူး ဒေါ်သီတာဝင်းက ပြောသည်။
 
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ဒေါင်လန်ဖူးဒေသနှင့် ဗန်းမော်ခရိုင်၊ စိန်လုံဒေသ ရေတံခွန်ခုနှစ်ဆင့် အနီးရှိ လင်းနို့ဂူတို့တွင် ကျောက်ဖြစ်နေသည့် ရှေးဦးလူသားတို့၏ ခြေရာများတွေ့ရှိထားသဖြင့် ပညာရှင်များ အနေဖြင့် သွားရောက်စစ်ဆေးသင့်ကြောင်း ဆရာနိုင်ဇော် ရေးသားသည့် ပျူနိုင်ငံတော်နှင့် ပျူနိုင်ငံသားများ စာအုပ်တွင် ရေးသားဖော်ပြထားသည်။
 
Credit:မြစ်မခမီဒီယာ
 

19 Oct 2016     1,810 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS