အောင်စိုးမိုးကျော်(၂) ရေယာဉ်တိမ်းမှောက်မှု သေဆုံးသူအလောင်းများ ဆက်လက်ရှာဖွေတွေ့ရှိ
18 Oct 2016 1,469 Views

အောက်တိုဘာလ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းတွင် နစ်မြုတ်ခဲ့သော အောင်စိုးမိုးကျော်(၂) ရေယာဉ် တိမ်းမှောက်မှုတွင် သေဆုံးသူများရှိခဲ့ပြီး အောက်တိုဘာလ ၁၇ ရက်နေ့ထိ လူသေအလောင်း ၃၉ လောင်း ဆယ်ယူရရှိထားကြောင်း သိရှိရသည်။

နစ်မြုတ်ခဲ့သော ရေယာဉ်ကို ကရိန်းနှင့်တစ်ကွ ရေငဒတ်သမားများ၏ အကူညီနှင့် အောက်တိုဘာ ၁၆ ရက်နေ့က ရှာဖွေခဲ့ရာ အောက်တိုဘာ ၁၇ ရက်နေ့နနံနက်ပိုင်းတွင် ရေယာဉ်၏ အစိတ်အပိုင်း အချို့နေရာများကို ကြိုးနှင့်ချည်နှောင်ထားနိုင်ခဲ့ပြီး ရေယာဉ်ကို ဆက်လက် ဆယ်ယူရန် ကြိုးပမ်းလျှက်ရှိကြောင်း သိရှိရသည်။
.jpg)
ရေယာဉ်နစ်မြုတ်ရာတွင် သေဆုံးခဲ့သည့် ရုပ်အလောင်းများကို ချင်းတွင်းမြစ်ကမ်းနံဘေးရှိ ကနီ၊ မုံရွာ၊ ချောင်းဦးမြို့နယ်များတွင် တွေ့ရှိရသည်။ အများစုမှာ ကျောင်းဆရာမအလောင်းများ ဖြစ်ပြီး မြို့နယ်အသီးသီးမှ လူမှုကူညီရေး အသင်းများ၏ ကားများဖြင့် လိုက်လံသယ်ဆောင်ပြီး နီးစပ်ရာ ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ၏ ရင်ခွဲဌာနသို့ ပို့ဆောင်ပေးလျက်ရှိသည်။
ရေယာဉ်မှောက်ရာတွင် အသက်ရှင်ကျန်ခဲ့သူ မနှင်းနွယ်ဝင်းက “အမြန်ရေယာဉ်က ဝိတ်များတာလည်း ပါတယ်ရှင့်။ ကျွန်မတို့ အမြန်ရေယာဉ်က ဟုမ္မလင်းကနေ စထွက်ထွက် ခြင်းကိုက အမြန်ရေယာဉ်ကိုစီးရတာ အိပက်အိပက်ဖြစ်နေတယ်ရှင့်။ ကျွန်မကတော့ နယ်မြေခံတွေက အချိန်မီ ကယ်ဆယ်ခဲ့လို့ အသက်ရှင်တာပါ။ အမြန်ရေယာဉ်ပေါ်မှာ စီးလာတဲ့လူဦးရေကလည်းများတယ်။ ပြီးတော့ ပစ္စည်းတွေကလည်းအများကြီးပါတယ်။” ဟု ပြောဆိုခဲ့သည်။

လတ်တလောတွင် ရေယာဉ်တိမ်းမှောက်မှုကြောင့် မော်တော်ပိုင်ရှင်နှင့် မော်တော်မောင်းသူမှာ ထွက်ပြေး တိမ်းရှောင်နေပြီး ရေယာဉ်နောက်လိုက် လေးဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ အမှုအခင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမည် ဖြစ်ပြီး လိုအပ်သလိုအရေးယူရန် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပြောဆိုထားကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောကြားခဲ့သည်။