၂၀၁၇ ခုနှစ် နွေရာသီမှစ၍ ရနကုန်မြို့ကြီး ထိန်ထိန်ညီးတော့မည်
14 Oct 2016 1,349 Views

ရန်ကုန်တိုင်းဒေသကြီးအတွက် လာမည့် ၂၀၁၇ နွေရာသီကာလမှစပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်သည့် ၃၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်များ တည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီနှစ်ခု တင်ဒါအောင်မြင်သွားပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးစန်းယုက အောက်တိုဘာ ၁၃ တွင် ပြောကြားသည်။
တင်ဒါအောင်မြင်သော ကုမ္ပဏီများမှာ Consortium of Natoinal Infras-tructure Holdings Co., Ltd, MCM Pacific Pte.Ltd, APR Energy PLC, Ace Resources Group Pte.Ltd ကုမ္ပဏီများ ဖြစ်ကြောင်း၊ အဆိုပါကုမ္ပဏီများသည် ၃၀၀ မဂ္ဂါဝပ် ဓာတ်အားပေး စက်များကို လာမည့်နွေရာသီမတိုင်မီ အပြီးတည်ဆောက်ရမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့အနီး 230 KV ဓာတ်အားလိုင်းနှင့် အနီးဆုံးနေရာတွင် တည်ဆောက်ရန် စီစဉ်ထားကြောင်း၊ ဓာတ်အားပေးစက်များကို မီးထိုးဆီ၊ သဘာဝဓာတ်ငွေ့ စသည်တို့ဖြင့် လည်ပတ်နိုင်ရန် စီစဉ်ထားပြီး စက်များမှာလည်း အသစ် (Brand New) ဖြစ်ရမည်ဖြစ်ကြောင်း ဦးစန်းယုက ဆိုသည်။
''တင်ဒါခေါ်တဲ့ထဲမှာ ပထမကုမ္ပဏီ ခြောက်ခုက တင်ဒါလာတင်တယ်။ အဲဒီထဲကမှ ကနဦး ကုမ္ပဏီသုံးခုကို ရွေးချယ်ခဲ့တယ်။ အဲဒီသုံးခုထဲကမှ ဓာတ်အားခ ဈေးနှုန်းအနည်းဆုံးနဲ့ ရောင်းပေးနိုင်မယ့် ကုမ္ပဏီနှစ်ခုကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်''ဟု ၎င်းက ပြောကြားသည်။

တင်ဒါအောင်ကုမ္ပဏီများသည် လက်ရှိအချိန်မှစ၍ ဓာတ်အားပေးစက်များကို တည်ဆောက်ပြီးလာမည့် ၂၀၁၇ မေလမတိုင်ခင် တည်ဆောက်မှုပြီးစီး၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီနှစ်ခု၏ ဓာတ်အားပေးစက်များမှထွက်ရှိသော ဓာတ်အားကို အစိုးရကဝယ်ယူပြီး အများပြည်သူထံသို့ လက်ရှိရောင်းချနေသော တယူနစ် ဈေးနှုန်းအတိုင်းသာ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း ဦးစန်းယုက ဆက်လက်ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေးမြို့တော်ဖြစ်သည့် အလျောက် နှစ်စဉ်လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်နေပြီး အစိုးရသစ်လက်ထက်တွင် စီးပွားရေးပိတ်ဆို့မှုများကို ဖြေ လျှော့ပေးလာသည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ လက်ရှိအခြေအနေထက် တိုးမြင့်လာနိုင်ခြေရှိကြောင်း၊ ယင်းကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ ယခင်နှစ်များထက်ပိုမိုမြင့်တက်လာနိုင်ကြောင်း၊ ရန်ကုန် တိုင်းသည်တနိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲမှု၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ၁၂၅၀ မဂ္ဂါဝပ်ကို အသုံးပြုနေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွက် ၃၀၀ မဂ္ဂါဝပ်ဓာတ်အားပေးစက် တည်ဆောက်ရေးတင်ဒါကို ဇူလိုင် ၄ ရက်တွင် ခေါ်ယူခဲ့ပြီး သြဂုတ် ၁၈ ရက်တွင် တင်ဒါ စာရင်းပိတ်ခဲ့ကာ တင်ဒါလျှောက်လွှာကို ဝယ်ယူသည့် ကုမ္ပဏီ ၈၂ ခုရှိခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Credit:NewsWatch