ရန်ကုန်ကားဈေးကွက်အတွင်း စလစ်ဈေးနှုန်းကျဆင်းသော်လည်း အရောင်းအဝယ်အေးနေဆဲ
14 Oct 2016 1,444 Views

၂၀၁၆ ခုနှစ်အကုန်တွင် သွင်းယူထားသော မော်တော်ယာဉ်များအားလုံး မှတ်ပုံတင်ပြီးဖြစ်ရမည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် စလစ်ဈေးမှာ သိသိသာသာထိုးတက်သွားခဲ့သည်။ ယခုတဖန် ၁၉၉၅ မော်ဒယ်ထက်နိမ့်သော စီးတီးဘတ်စ်များကို အပ်နှံပါက လူစီးအိမ်ကားစလစ် ပြန်လည်ထုတ်ပေးမည်ဟု အသစ်ထပ်မံကြေငြာခဲ့တာကြောင့် စလစ်ဈေးနှုန်းမှာ ယခင် သိန်း ၁၀၀ ကျော်ရှိနေရာမှ သိန်း ၇၀ ခန့်ထိ ထိုးကျသွားခဲ့သည်။
စလစ်ဈေးက ထိုးကျသွားသော်လည်း ဒေါ်လာငွေဈေး၊ ဂျပန်ယန်းငွေလဲနှုန်း နှင့် လေလံဈေးများ မြင့်တက်နေတာကြောင့် ရန်ကုန်ကားဈေးကွက်အတွင်း ကားဈေးနှုန်းများ မြင့်တက်နေပြီး နယ်ကားများသာ အရောင်းအဝယ် အနည်းငယ်ရှိနေကြောင်း ရန်ကုန်မြို့ရှိ ကားဈေးကွက်များအတွင်းမှ သိရှိရသည်။
မူဝါဒအသစ်များ မကြာခဏထွက်လာနေခြင်းကြောင့် အားလုံးက စောင့်ကြည့်နေလျက်ရှိပြီး စလစ်ဈေးကျဆင်းနေသော်လည်း ယခုထက်ပို၍ ကျနိုင်မလားဆိုသည့် မျှော်လင့်ချက်ဖြင့် အရောင်းအဝယ်များ အေးနေကြောင်း ကားဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူများက သုံးသပ်ပြောဆိုသည်။
ရန်ကုန်မြို့တွင် အပ်နှံရန်ကျန်ရှိနေသေးသည့် ဘီအမ်၊ ဒိုင်နာ၊ စီးတီးဘတ် ၁၇၀၀ လောက်ရှိနေသေးသည့်အတွက် စလစ်များထပ်မံ ပေါ်လာဖို့ရှိပြီး စလစ်ဈေးနှုန်းများ ပိုမိုထိုးကျနိုင်သည့် အလားအလာရှိသည်ဟု ကားအရောင်ဝယ်လုပ်ငန်း လုပ်သူ ကိုအရည်ကြိုက သုံးသပ်ထင်မြင်သည်။
မူဝါဒမတည်ငြိမ်မှုကလည်း ကားဈေးကွက်အတွင်း အရောင်းအဝယ်များကို တန့်စေ၊ အေးစေသည့် အကြောင်းရင်းများထဲတွင် တစ်ခုဖြစ်သည်ဟု ကားလောကသားများက တစ်လေသံထဲ ပြောဆိုခဲ့သည်။
Ref:ဒီမိုကရေစီတူဒေး