ရက်သားကလေးငယ်တစ်ဦးအား အငှားယာဉ်ပေါ်တွင် စွန့်ပစ်ထားခဲ့
14 Oct 2016 1,439 Views

မွေးကင်းစကလေးငယ်တစ်ဦးအား တက္ကစီအငှားယာဉ်ပေါ်တွင် စွန့်ပစ်သွားခဲ့သည့် ဖြစ်စဉ်တစ်ခု စမ်းချောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၇ နာရီ ၄၀ မိနစ် အချိန်ခန့်က ကမာရွတ်မြို့နယ်၊ လှည်းတန်း၊ စိန်ဂေဟာရှေ့တွင် အငှားယာဉ်မောင်း ဦးတိုးညွန့်၏ တက္ကစီကားကို ကလေးငယ်တစ်ဦးအား ပွေ့ချီထားသော အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးမှ စမ်းချောင်းမြို့နယ်ရှိ အဖွားဖြစ်သူနေအိမ်သို့ သွားလိုကြောင်းပြောကာ အသွားအပြန်ငှားရမ်းခဲ့သဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့သည်။
စမ်းချောင်းမြို့နယ်၊ ကျွန်းတောမြောက်ရပ်ကွက်၊ ငှက်ပျောတောလမ်းသွယ်အတွင်းသို့ ရောက်ရှိသောအခါ ယာဉ်ကိုရပ်ခိုင်းခဲ့ပြီး အမျိုးသမီးမှ အဖွားဖြစ်သူအား သွားရောက်ခေါ်ဆောင်မည်ဟုဆိုကာ ကလေးငယ်အား ယာဉ်၏ နောက်ခန်းထိုင်ခုံပေါ်တွင်ထားခဲ့ပြီး လမ်းသွယ်တစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
၁ နာရီခန့်ကြာသည်အထိ စောင့်ဆိုင်းနေခဲ့သော်လည်း ပြန်လည်မရောက်လာသဖြင့် လိုက်လံရှာဖွေရာ မတွေ့ရှိခဲ့သဖြင့် ပတ်ဝန်းကျင်အား စုံစမ်းမေးမြန်းရာ အဆိုပါအမျိုးသမီးအား တစ်ဦးတစ်ယောက်မှ သိရှိခြင်းမရှိသည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် စမ်းချောင်းမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့သည်။
သတင်းအရ စမ်းချောင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ သွားရောက်ခဲ့ရာ ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး (၁၀)ရက်သားခန့် အရွယ်သာရှိသေးသဖြင့် ဒဂုံမြို့ နယ်ရှိ ကလေးဆေးရုံကြီးသို့ ပို့ဆောင်ကာစောင့်ရှောက်ထားရှိပြီး၊ ကလေးငယ်၏ မိဘဆွေမျိုး သားချင်းများအား စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Credit:YangonPolice